Wednesday, April 25, 2012
ကိုယ်ပျောက်သူ
သူမအား ချောင်းမြောင်းစောင့်ဆိုင်းကာ အလစ်အငိုက်ဖမ်းချင်သူတွေ များလွန်းလှချည့် ဟု အံ့သြတကြီး ရှိရသည်။ အချိန်နည်းနည်း ပိုကြာလာလေ သူမအား အလိုရှိနေသူတွေ ပိုလို့ များလာလေလေမို့ တဖြည်းဖြည်း စိတ်ပျက်စပြုပြီ။
ဒီနေ့၊ ဒီအချိန်မှာ သူမ.. ဒီနေရာသို့ ရောက်ရှိလာမည်ဆိုတာ သူတို့ ဘယ်လို သိနေကြပါလိမ့်။ သူမကိုယ်တိုင်က အားလုံးကို အသိပေး၊ ချိန်းဆိုထားတာ ဖြစ်ဖို့များပါသည်။ အတော်တတ်နိုင်သော အမျိုးသမီးပဲ ဟု ငြိုငြင်ချင်တော့၏။ သူမနှင့် ပတ်သက်ခဲ့မိတာအတွက် နောင်တရချင်သော်လည်း ထိုနောင်တက အလွန်နှောင်းလွန် နောက်ကျနေပြီကို ခါးသီးစွာ သိလိုက်ပြီ။
လက်ရှိကို လက်မဲ့ လုပ်ပစ်ရကောင်းလားဟု မေမေကလည်း ကျွန်မကိုသာ တဖျစ်တောက်တောက် မြည်တွန်နေတော့ပြီ။ ကိုယ်တိုင် စပ်ဆော့ခဲ့မိတာအတွက် ဘယ်သူ့ကိုမှ အပြစ်မတင်သာသော ကျွန်မ၏ အခြေအနေမှာ တကယ့်ကို ထွေးမရ၊ အံမရ။
မေမေ့စကားအရတော့ ကျွန်မဟာ လက်ထဲမှာ ငွေရှိလျှင် အထိန်းအသိမ်းမတတ်၊ အငြိမ်မနေတတ်သော မိန်းခလေးတဲ့။ ကျွန်မကလည်း ကျွန်မပဲ။ လက်ထဲသို့ ဆုတ်ဆုတ်ခဲခဲ ရောက်လာခဲ့သည့် ငွေယားကလေးကို လက်ထဲမှာ နွေးအောင်ပင် မြဲမြဲဆုတ်မထားချင်ခဲ့။ ရွှေကြိုးမျှင်မျှင်ကလေး လည်မှာဆွဲကာ မော့မော့ကလေး ဂိုက်ပေးကြမ်းရမလား စိတ်ကူးယဉ်သည်။ ဒါပေမယ့် ငွေပမာဏက နည်းနေသေးတော့ မေမေ့ဆီ အရင် အပ်ထားရမည်။ တစ်နှစ်လောက် မေမေ့ကို သုံးခိုင်းထားကာ အချိန်တန်တော့မှ ပြန်ထုတ်ယူပြီး လိုသောငွေကို မေမေ့အား စိုက်ခိုင်းရမည်။ ဒါမှမဟုတ် လက်ကိုင်ဖုန်းကလေး တစ်လုံးလောက် ကိုင်လိုက်ရမလားဟုလည်း တွေးသည်။ ထိုအချိန်မှာ ကျွန်မထံ သူမ .. အချိန်ကိုက် ရောက်လာခဲ့တော့တာ။
တကယ်တော့ ကျွန်မလည်း လောဘသားပဲ။ ရုံးမှ ရလာသော စုငွေကလေးကို တစ်သက်မှာ တစ်ခါတစ်လေ လက်ဝယ်ပိုင်ပိုင်၊ ဆုတ်ဆုတ်ခဲခဲ ကိုင်ရဖူးပေမဲ့ နည်းလိုက်တာဟု အားမလို၊ အားမရ စိတ်အဆာမပြေနိုင်ပဲ ရှိဆဲ။ ထိုငွေကလေးကို အရင်းပြုလို့ တစ်လအတွင်း ပွားများလာမည့် အတိုးငွေ ပမာဏကို သူမက မက်မောဖွယ် တွက်ချက်ပြခဲ့သည်။ တစစ အရင်းအနှီးတွေ တိုးပွားများပြားလာပြီး တစ်နှစ်ပြည့်လျှင် အဆများစွာ ပွားများကာ ဖွေးခနဲ အလုံးအရင်း ရနိုင်မှာ ဟုလည်း ပိုင်နိုင်သေချာစွာ ဆိုလေသည်။ သူမ၏ ဆွယ်တရားမှာ ကျွန်မ အငိုက်မိသွားခဲ့သည်ကို ၀န်ခံပါ၏။ မျက်ဝန်းထဲမှာ ငွေသားတွေ ဖွေးခနဲ၊ လက်ခနဲ။
သူမ၏ ကိုယ်ပေါ်မှ ၀ါဝင်းပြိုးပြက်နေသော အဆင်တန်ဆာတွေကိုလည်း ခိုးငေးဖို့ ကျွန်မ မမေ့ခဲ့ပါ။ ကျွန်မတို့လို လှေကြီးထိုးသမားတွေအတွက်သာ ငွေတွင်းက နက်လွန်းလှတာ။ သူတို့တတွေကျတော့လည်း သူတကာချွေးနဲ့ရင်းနှီးထားသမျှအပေါ် အသာလင့် အညွန့်ခူးယူနေရုံနှင့် ငွေက နေ့စဉ် သဲ့ယူသလိုကို ၀င်လာမစဲ၊ တသဲသဲပါပဲလား။ သနပ်ခါး ခြေဆုံး၊ခေါင်းဆုံးလိမ်းလို့၊ မျက်ခုံးမွေးသေးသေးတင်၊ နှုတ်ခမ်းနီထွေး တွတ်တွတ်ရဲအောင်ဆိုးလျှက် တရုတ်ဆိုင်ကယ်ကလေးနှင့် ကြော့ကြော့မော့မော့ လမ်းတကာလည်ကာ စာရင်းစာအုပ်ကလေးကို ဟန်တစ်ခွဲသား ဖွင့်လို့ ခပ်မိန့်မိန့် ကြွေးလည်တောင်းတတ်သော သူမ၏ ဘ၀ကို ခဏ အငှားယူကြည့်ချင်မိသည်။
သို့ပေမယ့် ကျွန်မက အလိုလောဘသာ သူမထက် မလျော့ချင်ပဲရှိမည်။ သူမလို သတ္တိမျိုးတော့ ဒီတစ်သက်မွေးယူလို့တောင် ရပါမည်လားမသိ။
“နင်ပေးသုံးချင်ရင် အဲဒီမိန်းမတွေကို နင့်ဆီ လွှတ်ပေးမယ်။ ငွေချေးချင်တယ် ဆိုလို့ကတော့ ငွေယူသုံးချင်တဲ့ မိန်းမတွေကို တစ်ရပ်ကွက်လုံး ပြည့်လို့ပဲ”
အရပ်ထဲက ကျွမ်းဝင်ရင်းနှီးပြီးသား နာမည်တွေ တန်းစီရွတ်ပြလာတော့ ကျွန်မ သွေးကြောင်ချင်ပြီ။ အကြွေးယူရာမှာ တကယ့် နယ်မရှောင်၊ လက်မရွံ့တွေ အဖြစ် ကျော်ဇောသတင်း ထင်ရှားလှသူတွေလေ။ ကြွေးထူမပူ၊ သန်းထူမယား ဆိုတာ သူတို့၏ လက်သုံးစကားပေါ့။ ခေါက်ပြန်ပေး၊ လတိုး၊ နေ့ပြန်တိုး… ဘာအကြွေးမှ သူတို့ မကြောက်။ ရှေ့အကြွေး မကျေခင် နောက်အကြွေးထပ်ပိုးကာ ဖွတ်သည်ထက်ညစ်၊ နစ်သည်ထက်နစ်လာနေသော ဘ၀တွေကို ကျွန်မ နဖူးတွေ့၊ ဒူးတွေ့ ရင်ဆိုင်မရဲပါ။ မျက်ရည်မြင်လျှင် သနားမိမည်မှာ အသေအချာ။ ခပ်စွာစွာ ပြန်လှန် ရန်တွေ့လွှတ်လျှင် ရှက်လို့သေမည်။ အဆိုးဆုံးကတော့ ကိုယ်က ရစရာ ရှိနေတာ မှန်ဦးတော့။ သူတပါးလက်ထဲကငွေကို သူတို့ မကြည်ဖြူ၊ အလိုမတူပဲ ကိုယ့်ထံရောက်အောင် ကျွန်မ အသနားခံပြီး တောင်းမယူတတ်။ ခြိမ်းခြောက်တောင်းယူဖို့တော့ ဝေးရော..။ ကတုံးပေါ် ထိပ်ကွက်နေကျ သူမက ကျွန်မအား ကရုဏာမျက်ဝန်းနှင့် လှောင်သလို ပြုံးလေတော့ ကျွန်မ စိတ်တိုချင်မိခဲ့သေးသည်။
“အဲဒီလို သူတော်စင်စိတ်မျိုးနဲ့ ဘယ်လို အလုပ်လုပ်စားမလဲ”
အံ့သြတကြီး လက်ဖျားခါပြနေပြန်တာ။
“’ဒါဆို ဒီလိုလုပ်။ ငါ့ကိုပဲ ပေးလိုက်တော့။ ငါကပဲ တဆင့်ပြန်ပေး ပေးမယ်”
သိပ်တော့ မဆိုးလှဟု ထင်သည်။ အကျိုးအမြတ်က သူမနှင့် တစ်ယောက်တစ်ဝက်စီသာ ရတော့မှာ ဖြစ်ပေမယ့် တစ်ယောက်ချင်းစီနှင့် ဆက်ဆံရသလို ဆန်စင်ရာ ကျည်ပွေ့လိုက်ဖို့ မလိုတော့။ ပေးရန်၊ ရရန် ကိစ္စအားလုံး သူမ တစ်ယောက်တည်းနဲ့သာ ရှင်းရုံ။ ပြီး .. ကျွန်မ၏ ငွေကို ယူသုံးမည့် သူမက ကျွန်မထက် အပုံကြီး ထည်ဝါတောက်ပြောင်သူ။ ယုံကြည်ချင်စရာ ကောင်းလှသူ မဟုတ်လား။
စဦး တစ်လ၊ နှစ်လမှာပင် ကျွန်မ ကျေနပ်ဝမ်းမြောက်စ ပြုပြီ။ ခြောက်လ၊ တစ်နှစ် ရှိလာလျှင်တော့ ကျွန်မတို့ နှစ်ယောက် စီးပွားဖက်တွေပမာ သွေးစည်းသွားတော့ပြီ။
တဖြည်းဖြည်း ကျွန်မအပေါ်မှာ သူမ၏ သြဇာအာဏာ ပိုမို သက်ရောက်လာခဲ့တော့တာ။ ကျွန်မက ကိုယ့်လောဘနှင့်ကိုယ် နစ်ပျော်ကာ မောဟတိမ်သလ္လာ ဖုံးနေခဲ့တာမို့ မသိတတ်ခဲ့တာ ဖြစ်သည်။
“ဟဲ့… ဒီလတော့ ငါ့ကို ဆိုင်းထားပေးဦး။ ဟို တစ်ဘက်မှာ လက်လွန်ထားတာ များသွားလို့”
ကျွန်မ အပြုံး မပျက်ခဲ့ပါ။ သူမသည် ကျွန်မကို နစ်နာအောင် ပြုမည့်သူမဟုတ်တာ အကြွင်းမဲ့ ယုံကြည်နေခဲ့မိသေးသည်။
သို့သော် သူမသည် ယုံကြည်၍ မရနိုင်တော့လောက်အောင်ပင် ဖြစ်လာတော့တာ တစစ နားလည်စပြုလာချိန်မှာတော့ ကျွန်မ အံ့သြလျှက် ဆောက်တည်ရာ မဲ့ခဲ့ရတော့တာ။ ကြည့်… သူမက ကျွန်မထံ အကျိုးအကြောင်းပင် မပြန်တော့။ မျက်နှာပြဖော်ပင် မရတော့။ ဒီလိုတော့ မဖြစ်ဘူးနော်။ ကျွန်မ မသုံးရက်၊ မစားရက်ခဲ့သော ငွေကလေး…။ သူမ ဒီလိုတော့ အလွဲသုံးစား မလုပ်သင့်ဘူး မဟုတ်လား။ ကျွန်မ၏ ချွေးနည်းစာလေးအတွက် သူမကို တွေ့ရမှ ဖြစ်တော့မည်။
ဒါပေမယ့် သူမနှင့်တွေ့ရလျှင်ရော… ကျွန်မ ဘာစကားတွေ ဆိုရမှာလဲ။ ပြီး သူမရင်ဆိုင်နေရတာက ကျွန်မ တစ်ယောက်တည်းနဲ့သာ မဟုတ်ဘူးလေ။ ကျွန်မထက် အပုံကြီး စူးစွာထက်မြသော သူတွေကြားမှာ ကျွန်မ၏ အလှည့်ရော ရောက်လာနိုင်ပါဦးမလား။ မသေချာပါ။ သူမ၏ မြီရှင်တွေအနက် တချို့မှာ ကျွန်မ တစ်ခါဖူးမျှ မမြင်တွေ့ဖူးသူတွေ။ တချို့ကိုတော့ မျက်မှန်းတန်းမိနေပါသည်။ အားလုံး၏ တူညီသော လေယူလေသိမ်းကတော့ သူမ၏ လှည့်စားမှုကို အကြိမ်ကြိမ် ယုံမှတ်မှားမိခဲ့ခြင်းအတွက် နောင်တနှင့် ဒေါသတို့ ဆတူရောနှောကာ ပူပန်ပင်ပမ်းနေကြသည် ဆိုတာပင်။
“အစပိုင်းကတော့ ပုံမှန် ငွေသွင်းပေးနေတာ ဆိုတော့ ယုံခဲ့မိတာပေါ့”
“အတူတူပါပဲ။ နောက်ပိုင်း ဗွေဖောက်လာပြီး တစ်လစောင့်ပေးပါဦး၊ နှစ်လ ဆက်စောင့်ပါဦး ဆိုတော့တောင် ယုံခဲ့မိသေးတာလေ”
ကျွန်မ အပါအ၀င် ငါးစာသာမြင်ပြီး ငါးမျှာချိတ်ကို သတိမမူမိသူတွေအားလုံးက သူမ၏ ကိုယ်ပေါ်မှ ရွှေတိုမယ်စတွေ တတိတိ လျှော့ပါးလာခဲ့တာကို မသိ။ နောက်ဆုံး ရွှေအစစ်ရယ်လို့ မူးရင်တောင် ရှူစရာ မရှိပြီမို့ ရွှေရည်စိမ်တွေကို လူရိုသေ၊ ရှင်ရိုသေ ဆွဲဆင်ထားခဲ့တာကိုလည်း မရိပ်မိ။
“နင်တို့လည်း စားတုန်းက စားခဲ့ရတာပဲ မဟုတ်လား။ အခု ငါ့မှာ ပေးစရာမှ မရှိတော့တာ...။ တိုင်ချင်ရာသာ တိုင်ကြပေတော့”
သူ့အလှည့်တုန်းကတော့ အနုအကြမ်း နည်းမျိုးစုံသုံးကာ သူတကာဆီက လက်တွင်းတဆုံး နှိုက်ယူခဲ့ဖူးသည့် သူမက ရွတ်ရွတ်ချွံချွံ စစ်မျက်နှာဖွင့်လေရာ အလန့်တကြား ဖြစ်ကြရတော့တာပင်။
“တိုင်မှာ မပူနဲ့။ ငါ့ ပိုက်ဆံပြန်မရလို့ကတော့ ဘာဖြစ်သွားမလဲဆိုတာ စောင့်ကြည့်လိုက်”
ပွက်လောရိုက်ဟိန်းညံနေသော သွေးကြွဆူပွက်သံတွေ ကြားမှာ သွေးကြောင်ဆဲ ကျွန်မကတော့ ဘယ်ဆီ တိုင်တန်းတောင်းယူရမည်လဲ တကယ်ကို မသိ။ ပြီး ကျွန်မတို့၏ စည်းမဲ့ကမ်းမဲ့ ငွေပေးငွေယူကိစ္စဟာ ရုံးပြင်ကန္နား တိုင်တန်းတောင်းယူလို့ရော တရားဝင်ပါ့မလား။ ကျွန်မကသာ လမ်းရိုးဟောင်းအတိုင်း ရိုးရှင်းစွာတွေးတောလျှက် မ၀ံ့မရဲ ဖြစ်နေခဲ့တာ။ တချို့ကတော့ အံ့သြဖွယ်ရာ ကျွမ်းကျင်၊ ကျွမ်းဝင်မှုတို့ဖြင့် ရေအဆုံး၊ ကုန်းတစ်ဝက်မက ပြန်လည် အဖတ်ဆည်နိုင်ခဲ့ပြီဟု သဲ့သဲ့ကြားသည်။
“’နေတဲ့အိမ်ကို ရောင်းမယ်လို့ အသံလွှင့်နေတာပဲ။ ဒီနေ့ စာချုပ် ချုပ်ကြမယ်တဲ့။ ရစရာ ရှိတဲ့သူတွေ အားလုံးကို ခွဲဝေစိတ်ပိုင်းပေးမယ် ပြောတယ် ”
…တဲ့။ မျှော်လင့်တကြီး စုဝေးရောက်ရှိလာကြသူတွေက မနည်းလှ။ သူမကိုတော့ အရိပ်အယောင်ပင် မမြင်ရသေး။
“ဒီအိမ်မှာ မနေတော့တာ ကြာပြီလေ။ တစ်မိသားစုလုံး ဘယ်မှာ သွားနေလဲတော့ မသိဘူး။ အားလုံးနဲ့ မတွေ့အောင် ရှောင်နေမှာပေါ့”
အိမ်ကို ၀ယ်မည့်သူက စာချုပ်ကလေး တကိုင်ကိုင်နှင့် မျှော်သည်။ သူလည်း ရရန်အချို့နှင့် ခုနှိမ်ကာ ငွေချေမည့်သူပဲ ဖြစ်သည်။ ကျွန်မတို့ အားလုံးလည်း သူမ လှမ်းလာမည်ထင်ရသော လမ်းမဘက်ဆီ လည်တဆန့်ဆန့်။
သို့ပေမယ့် ထိုနေ့က ကျွန်မတို့ အားလုံး စောင့်ရကျိုး မနပ်ခဲ့ကြပါ။ သူမ ရောက်မလာခဲ့သောကြောင့် ဖြစ်ပါသည်။ ကျွန်မတို့၏ မြင်ကွင်းရှေ့သို့ သူမ ဘယ်အချိန်မှာ ရောက်ရှိလာမည်ဆိုတာလည်း မည်သူမှ မခန့်မှန်းတတ်ကြပေ။
သူမအား သတိရလေတိုင်း စိတ်မှန်းဖြင့် လှမ်းကာ ကျိန်ဆဲရုံကလွဲ၍ ကျွန်မတို့အားလုံး ဘာမှ မတတ်နိုင်ခဲ့ကြပါ။ ။
Labels:
ဝတ္ထုတိုများ
Thursday, April 12, 2012
မျှော်သူ
ပေါင်မုန့်ညို နှစ်လုံးပါသော အိပ်ကျွတ်မဲမဲကို လက်မှာဆွဲလျှက် လမ်းထိပ်ဆီသို့ ထွက်လာခဲ့သည်။ ကျနေ၏ အရောင် စူးပြဲ့ပြဲ့က မျက်လုံးတွေကို ကျိန်းစပ်နေစေနိုင်သေးသည်မို့ လက်ထဲမှာ ပါလာသော ဂျာနယ်စက္ကူသန့်သန့် နှစ်ရွက်ကို နဖူးပေါ်တင်ကာ နေရောင်ကာပြုရသည်။ ကျင့်သားရ မျက်လုံးများက အမှတ်မထင် ရှာဖွေမိတော့ ထင်သည့်အတိုင်း ဟိုကောင်လေး ကြိုရောက်နေနှင့်ကာ …လမ်းထိပ်မှာ အသင့်စောင့်နေနှင့်ပြီ။
“နေရီ။ ခဏစောင့်ဦး”
နောက်ဖက်ခပ်ဝေးဝေးဆီမှ လွင့်ခနဲ လိုက်လာသော ကြီးမေ၏ အသံကြောင့် လှမ်းလက်စခြေလှမ်းတွေကို တုန့်ကာ ရပ်စောင့်နေရသေးသည်။
“ငါပါ လိုက်ခဲ့မယ်”
ကြီးမေသည် နေရီအား စိတ်ချဟန်မတူ။
ကြီးမေ စိတ်ပူပန်မည်ဆိုလည်း ပူပန်သင့်ပါသည်။ နေရီတစ်ယောက် နေ့ဆက်နီးပါး ပေါင်မုန့်ကြမ်းနှစ်လုံးနှင့် လမ်းထိပ်ထွက်ခဲ့တာ တစ်လနီးပါးပင်ရှိတော့မည်။ ခုထိ အခြေအနေက မထူးခြားသေးဟု ကြီးမေက ဆိုလေသည်။
“နေရီ။ ညည်း ငါမှာသလို သေချာလုပ်ခဲ့ရဲ့လား”
“ဟုတ်။ လုပ်တယ်လေ ကြီးမေကလည်း…။ ကြီးမေ မှာလိုက်သလို စက္ကူသေချာခင်းပြီး ထားပေးခဲ့တာပဲ”
“ခွေးတွေရော ရောက်လာကြရဲ့လား”
“အင်း… လာတယ်”
“ဘာ… ပြန်ပြောစမ်း။ ဘာအင်း လဲ။ ဟုတ်ကဲ့လို့ ပြောဖို့ သင်ထားလျှက်နဲ့ …။ ကဲ … အဲဒါ အင်းဦး။ အင်းလို့ ပြောဦး”
အားခနဲ စူးစူးရှရှအော်ဟစ်ပစ်ရင်း ကြီးမေ လိမ်ဆွဲလိုက်သောပေါင်တစ်ဖက်ကို ခပ်ကြာကြာ ပွတ်သတ်ကာ နာကျင်လွန်းလှသယောင် တရှူးရှူး အမူပိုပြလိုက်ရသည်။ ကြီးမေတစ်ယောက် အဓိက ကိစ္စကို တိတိပပ စစ်မေးရန် မေ့သွားပြီ။ နေရီတစ်ယောက် အပြောအဆို မယဉ်ကျေး၊ မဖွယ်ရာသည့်အကြောင်း၊ ဘယ်လောက်သင်သင် မတတ်ကြောင်း တဖျစ်တောက်တောက် ရေရွတ်မြည်တွန်လို့ မဆုံးတော့ပြီ။
တကယ်က ဟုတ်ကဲ့ စကားတစ်ခွန်းက နေရီ့အဖို့ အသားကျ၊ နှုတ်စွဲနေခဲ့ပါပြီ။ နေရီ ကြီးမေတို့အိမ်ဆီ ရောက်ခဲ့တာဖြင့် နှစ်နှစ်ကျော်လို့ သုံးနှစ်အတွင်း ၀င်ခဲ့ပြီဥစ္စာ..။ ကြီးမေကို လိမ်ပြောရမှာ မ၀ံ့သောစိတ်ကြောင့်သာ အင်း…ဆိုပြီး ရုတ်တရက် နှုတ်ကထွက်သွားခဲ့တာ။
ခွေးတွေ ရောက်လာ၊ စားသောက်ကြတဲ့အထိ စောင့်ကြည့်လာခဲ့ဖို့ ကြီးမေက နေရီ့ကို သေချာ မှာထားခဲ့ဖူးတာ ဖြစ်သည်။ နေရီက ပေါင်မုန့် နှစ်လုံးကို စက္ကူခင်းပေါ် တင်ထားပြီးသည်နှင့် စောင့်ကြည့်မနေတော့ပဲ နောက်မလှည့်စတမ်း သုတ်ခြေတင် လှည့်ပြန်ခဲ့သည်ချည်း မဟုတ်လား။
လှည့်ကြည့်ဖြစ်လျှင်လည်း ဘယ်ခွေးတစ်ကောင်မှ ရောက်လာဦးမှာ မဟုတ်တာ နေရီ သိနေပါသည်။ ဟို အလျှင်ကတော့ နေရီတို့ လမ်းထဲမှာရော တစ်ရပ်ကွက်လုံးမှာပါ ခွေးလေ၊ ခွေးလွင့်တွေ ပေါများလွန်းခဲ့ဖူးသည်။ နောက်တော့ လမ်းပေါ်မှာ သွားလာနေသူတွေ မကြာခဏ ခွေးဆွဲခံရသည်။ ခွေးလိုက်ခံရသူ၊ ခွေးဆွဲခံရသူ အများစုမှာ ကလေးတွေ ဖြစ်နေတတ်ပြီး မိဘတွေက ကျိတ်မနိုင် ခဲမရ ဒေါသအမျက် ချောင်းချောင်းထွက်ကြရသော်လည်း ခွေးတွေက ပိုင်ရှင်မဲ့တွေဖြစ်နေပြန်ရာ ဘယ်သူ့ကို အရေးယူရမှန်းလည်း မသိ။ တချို့ကတော့ ခွေးကို ရက်စက်စွာ ရိုက်နှက်သတ်ဖြတ် လိုက်ကြလေသည်။ တချို့ကလည်း ကဏန်းထောင်ဖမ်းရာမှာ အစာအဖြစ် ခွေးသားက အကောင်းဆုံးဟု ဆိုကြလျှက် ၀င်ငွေစီးပွားကောင်းနေကြပြန်ရင်း ခွေးလေ၊ခွေးလွင့်တွေ တစစ လျော့နည်းရှားပါးလာတော့ပြီ။ ဒီလိုကာလ ရောက်လာလေမှ ကြီးမေ၏ အခါပေးဆရာက ခွေးလေခွေးလွင့်တွေကို ပေါင်မုန့်ကျွေးရန် အကြံပေးလိုက်သည်တဲ့။
စဦး တစ်ရက်၊ နှစ်ရက်မှာတော့ နေရီတစ်ယောက် စိတ်ရှည်သီးခံကာ လမ်းဆုံရောက်အောင်ထွက်လျှက် ခွေးလေလွင့်တို့ အရိပ်အယောင်ကို ရှာဖြစ်ခဲ့ပါသေးသည်။ တစ်ကောင်စ၊ နှစ်ကောင်စ အရိပ်မြင်မှ စက္ကူစ သေချာဖြန့်ခင်းကာ ပေါင်မုန့်ကို မြင်သာအောင်ပြလျှက် တအို့အို့ ခေါ်သည်။ မတတ်တတတ်ဖြင့် လက်ဖျစ်တီးသည်။ သို့ပေမယ့် တစ်ရပ်ကွက်လုံးမှာ သူတို့လို ခွေးတွေကို တယုတယ၊ ကျနသေချာစွာ တည်ခင်းကျွေးမွေးတာမျိုး ဘယ်သူမှ မရှိစဖူး။ တစ်ခါဖူးမျှ မကြုံစဖူးမို့ထင့်။ ဘယ်တစ်ကောင်မှ နေရီ့အနားသို့ ရစ်သီမလာရဲကြပေ။ တချို့က မယုံသင်္ကာဟန်ဖြင့် စောင်ပေပေ စောင့်ကြည့်နေကြသည်။ တချို့ကတော့ လည်ပြန် တချက်မျှကြည့်ကာ ကြောက်လန့်တကြား ထွက်ပြေးသွားကြတော့သည်။
ပေါင်မုန့်နှစ်လုံးမှ ကျပ်ငါးရာသာ ကျသင့်တာ နေရီ သိပါသည်။ ဒါပေမယ့် စားစရိတ်ငြိမ်း တစ်လ ကျပ်တစ်သောင်းခွဲသာရသော နေရီကတော့ နှမျောလို့ မဆုံးပေ။ ငွေငါးရာ အဟောသိကံ ဖြစ်သွားရတာ မဟုတ်လား။ အဲဒီ ငွေကို ခွေးလေလွင့်တွေကို ပေါင့်မုန့်ဝယ်မကျွေးပဲ နေရီ့အား မုန့်ဖိုးပေးလျှင် ဘယ်လောက် ကောင်းမလဲဟု တွေးမိသည်။ ရွာမှာ ကျန်နေရစ်သော အမေတို့ဆီ ငွေပို၍ ပို့နိုင်မည်။ အဲလိုဆို လာမယ့်နှစ်မှာ မောင်လေးတစ်ယောက် ကျောင်းထွက်ပြီး အလုပ် လုပ်စရာ မလိုတော့။ မောင်လေးက ရွာနှင့် နှစ်မိုင်လောက်ဝေးသော အလယ်တန်းကျောင်းမှာ ခြောက်တန်းတက်နေရတာ ဖြစ်သည်။
နေရီ့တုန်းကတော့ ရှစ်တန်းအောင်တဲ့အထိ အဖေက သူများလယ်မှာ သူရင်းငှားဘ၀နှင့် ကျောင်းထားပေးနိုင်ခဲ့သည်။ ခုတော့ အဖေက ရုတ်တရက်ဆုံးကာ အမေကလည်း မိုးမှာ ကောက်စိုက် အငှားလိုက်၊ နွေမှာ ကောက်ရိတ်၊ ပဲနုတ်လောက်သာ လုပ်တတ်သည်မို့ နေရီ့အား ကြီးမေတို့ဆီ ပို့ခဲ့ရတော့သည်။
စာတော်၍ ဇွဲရှိသောမောင်လေးတစ်ယောက် ကျောင်းထွက်ချင်မှာ မဟုတ်။ ဒါပေမယ့် သူ့အောက်မှာ လေးတန်းကျောင်းသား အမြွာမောင်နှမ ရှိသေးသည်။ အငယ်နှစ်ယောက်ကိုလည်း ချစ်မက်ညှာတာရမည်ကို မောင်လေး မသိပဲနေမည် မဟုတ်။ မိသားစုအကြောင်းကို သူလည်း အထိုက်အလျှောက်တော့ နားလည်တတ်နေပြီမို့ အလုပ်ထွက်လုပ်ရန်လည်း ၀န်းလေးနေမှာတော့ မဟုတ်ပါ။
ပေါင်မုန့်တွေကို ခွေးမကျွှေးတော့ပဲ ရွှေရင်အေးရောင်းသည့် ဒေါ်ရင်ကြည့်ကို လျှော့ဈေးနှင့် ရောင်းလိုက်ဖို့ နေရီ အကြိမ်ကြိမ် စိတ်ကူးမိသေးတာ ၀န်ခံပါသည်။ ဒါပေမယ့် လမ်းတကာလှည့်နေသော ရွှေရင်အေးသည်မှတဆင့် ကြီးမေ၏နားသို့ ပြန်မရောက်ပဲ နေမှာ မဟုတ်။ နေရီ အလုပ်ပြုတ်၊ အရှက်ရမည့်အပြင် ထမင်းအိုးပါ ကွဲရမည့်ကိန်းမို့ လက်လျှော့လိုက်ရတော့သည်။ ခုချိန်မှာ နေရီ့အပေါ် ကြီးမေ အမြင်ကြည်လင်နေဖို့ ကြိုးစားနေပြမှ ဖြစ်မည်။ မိုးဦးမကျမီ ကြီးမေထံမှ ကြိုတင်လုပ်အားခငွေ ခြောက်လစာကြိုထုတ်ချင်သည်။ အမေက ကြီးမေအား ကြိုတင်နားသွင်းထားရန် လူကြုံနှင့် မှာလိုက်သည်လေ။
ကြီးမေကလည်း ခုရက်တွေထဲမှာ အလုပ်တွေ အဆင်မပြေဟု ခိုညည်းသလို ညည်းနေတော့တာပဲ။ ဘဘကြီးနှင့် ကိုကိုကြီးတို့၏ အိမ်ဆောက်ပစ္စည်းဆိုင်က အရောင်းအ၀ယ် ကောင်းနေသော်လည်း လက်လွန်ထားသော ကုန်ကြွေးတွေက ပြန်မရဘူးလိုလို ဆိုပြန်သည်။ ဟိုပြေး၊ ဒီလွှား ဗေဒင်မေး၊ ယတြာချေ စသည်ဖြင့် ကြီးမေတစ်ယောက် စိတ်လေကာ ဗျာများနေသမျှ နေရီလည်း ဗာဟီရ အလုပ်တွေရှုပ်ကာ ဂျင်ခြေလည်ရတော့သည်သာ။ ဈေးကိုပတ်ကာ သစ်သီးစုံ ရှာဖွေဝယ်ရဖူးသည်။ အရွက်၊ အခက်တွေလည်း အရပ်ထဲလှည့်ကာ မေးမြန်းရ၊ ခူးဆွတ်ရနှင့် အနားကို မနေရတော့။ ဘုရားကျောင်းဆောင်မှာလည်း မွှေးရနံ့မျိုးစုံ ကြိုင်လှောက်နေတော့ပြီ။ ခု.. နောက်ဆုံး ကုစားရာကတော့ ကြီးမေတို့ မိသားစုမှာ ငွေကြေးကံနိမ့်နေသောကြောင့် တနလာင်္နံဖြင့် ယတြာချေကာ ကံမြှင့်နေရတာ ဖြစ်လေသည်။
ခွေးလေလွင့်တွေကို (ကြီးမေ အထင်) အစာကျွေးလာခဲ့တာ တစ်လနီးပါး ရှိတော့မည်။ အခြေအနေက ပြောင်းလဲထူးခြားကာ တိုးတက်မလာသေးဟု ကြီးမေခမျာ အားမရ၊ ညည်းငြူပြလေတိုင်း နေရီ လိပ်ပြာမလုံလှပါ။ လမ်းထိပ်မှာ နေရီ ချထားခဲ့သော ပေါင်မုန့်တွေကို ခွေးတွေ လာမစားလို့များလားဟု တွေးနေမိခဲ့ပြီ။ တကယ်တမ်းမှာ ခွေးလေလွင့်တွေ ထိုနေရာသို့ မျက်စေ့လည်ရောက်လာခဲ့လျှင်တောင် နေရီချထားခဲ့သော ပေါင်မုန့်နှစ်လုံးကို သူတို့ တွေ့ရမည်မထင်။ နေရီ့အား ချောင်းမြောင်းစောင့်ကြည့်ကာ နေရီကျောခိုင်းနောက်လှည့်ပြန်သည်နှင့် ပေါင်မုန့်နှစ်လုံးကို အလျှင်စလို လာယူသွားတတ်သော တစ်စုံတစ်ယောက် ရှိနေတာ နေရီသာမက ကြုံကြိုက်တိုက်ဆိုင်သော လမ်းထဲက လူတချို့ပါ သိကြပါသည်။ ဒါပေမယ့် နေရီကတော့ မသိယောင် ဆောင်နေမိဆဲပင်။
အဲဒီကောင်ကလေးကို နေရီ သိနေပါသည်။ မူလအရောင် မခန့်မှန်းနိုင်တော့သော လက်နှီးရောင် အင်္ကျီ ပွကြီးက ကြယ်သီးတွေ တောင်တက်တောင်ဆင်းမို့ ထောင့်တန်းဆွဲနေသည်။ ဒူးကျဘောင်းဘီကြီးကလည်း မထော်မနန်းပေ။ မဲညစ်ပေတူးနေသော မျက်နှာပေါ် ချွေးတွေစီးကျလာနေသည်ကို လက်ခုံတစ်ဖက်ဖြင့် ပွတ်သုတ်ထားသည်မို့ နဖူးပေါ်မှာ ကြေးကြောင်းရာကြီး ကန့်လန့်ဖြတ်ပေါ်နေတတ်တာ ရယ်ချင်စရာ။ ပြီး သနားစရာလည်း ဖြစ်ပြန်သည်။ ခြောက်တန်းကျောင်းသား၊ နေရီ့မောင်လေးအရွယ်မို့လည်း ထူးထူးခြားခြား သတိထားဖြစ်ခဲ့တာ ဖြစ်မည်။
“အစ်မ၊ ရေသန့်ဗူးခွံတို့၊ အချိုရည်ဗူးခွံတို့ရှိရင် ပေးပါလား”
နေရီတို့ ခြံနားမှာ ရစ်သီယောင်လည်နေဆဲ ကြီးမေက မယုံသင်္ကာစိတ်နှင့်…
“အဲဒီကလေးတွေ ခြံထဲထိ ၀င်မလာစေနဲ့”
… နေရီ့ကို သူ့အားနှင်ရန် စေခဲ့တာဖြစ်သည်။ ဒါပေမယ့် နောက်တစ်နေ့မှာတော့ သူမေးသော ရေသန့်ဗူးခွံတွေကို နေရီက အိမ်ထဲအနှံ ရှာဖွေနေမိပြန်တောတာ့ပင်။ ခြံထောင့်ရှိ သစ်ကိုင်းတစ်ခုမှာ မြင်သာအောင် ချိတ်ဆွဲထားပေးကာ ကောင်ကလေး ရောက်အလာကို မျှော်ရသည်။ တခြားကလေးတွေ တွေ့မြင်ယူငင်သွားမှာလည်း ပူပန်ရသေးသည်။ ဖြစ်နိုင်လျှင် ထမင်းဟင်း အကျန်လေးတွေ လူးလိမ်းနယ်ဖတ်ကာ ကောင်လေးကို ကျွေးချင်ပါသေးသည်။ ကြီးမေတို့က မိသားစုနည်းပါးလှသည့်ပြင် စိတ်သဘောလည်း မဆိုးလှသူတွေမို့ နေရီဆို ကိုယ်တိုင် ချက်ပြုတ်ခူးခပ်ပြီးသမျှ ထမင်းဟင်းတွေကို အိမ်ရှင်နှင့်တန်းတူ စားခွင့်ရနေတာဖြစ်သည်။ ခါတလေ…ကိုယ်က ဆီဦးထောပတ်နှင့် အညွန့်သား စားသောက်နေစဉ် ရွာမှာကျန်ရစ်သော မိသားစုတွေ ဘယ်လိုများ စားသောက်နေကြမှာပါလိမ့်ဟု သတိတရနှင့် မျိုမကျချင်။ နေရီ့မောင်လေးဆို အလွန် အကောင်းကြိုက်ကလေး ဖြစ်သည်။
“နင့်မှာ မိဘတွေ မရှိဘူးလား”
“အမေတော့ ရှိတယ်”
“အဖေကရော….”
“မရှိဘူး။ ဘယ်ရောက်သွားလည်း မသိဘူး”
“အမေကရော ဘာလုပ်လည်း…”
“အရင်တုန်းက ဗူးခွံတွေ လိုက်ကောက်သေးတယ်။ ယောက်ျားရတော့ မကောက်တော့ဘူး။ သူ့ယောက်ျားက ကန္နားတွေမှာ ကုန်ထမ်းတယ် ပြောတာပဲ။ ခု ကွဲသွားပြီ။ ညီမလေးက ငယ်သေးတော့ အမေက အလုပ် မလုပ်နိုင်သေးဘူးတဲ့”
“ညီမလေးက ဘယ်အရွယ်လဲ”
“အခါ မလည်သေးဘူး။ ဒါပေမယ့် အမေက ညီမလေးကို သူများပေးပစ်ဖို့ လုပ်နေတယ်။ ယူချင်တဲ့သူ ရှိတယ်တဲ့။ သားက ညီမလေးနဲ့ မခွဲနိုင်ဘူး။ မပေးချင်ဘူး။ အမေက မပေးချင်ရင် အလုပ်ပိုလုပ်တဲ့…”
ကြီးမေတို့ မကြည်ဖြူပဲ ဒီအိမ်မှ ထမင်း၊ ဟင်းကို ယူငင်ပေးသည်အထိတော့ နေရီ အတင့်မရဲသင့်ဘူး မဟုတ်လား။ ထို့ကြောင့်လည်း နေရီ ချထားသော ပေါင်မုန့်နှစ်လုံးကို ထိုကောင်ကလေး စောင့်ကာ ကောက်ယူသွားတတ်တာကိုတော့ သိသိကြီးနှင့် မမြင်ယောင်ဆောင်ကာ ၀ိနည်းလွတ် နေဖြစ်ခဲ့တော့တာ။
ခုတော့ ကြီးမေက အားမလို၊ အားမရတွေ ဖြစ်လာကာ အခါပေးဆရာဆီ နောက်တစ်ခေါက်ပြန်သွားဖြစ်ခဲ့ရာ…
“ဟဲ့.. နေရီ။ ပေါင်မုန့်က ဒီအတိုင်း ကျွေးရမှာ မဟုတ်ဘူးတဲ့။ ရေကလေး နည်းနည်းလောက် စိမ်ကျွေးရမှာတဲ့”
နေရီ လန့်ဖျတ်သွားသည်။ ပေါင်မုန့်ကို ရေစိမ်လိုက်ရင် စားလို့ ဘယ်ကောင်းပါတော့ မလဲ။
“ရေစိမ်လိုက်ရင် နူးပျော်ပြီး ပေါင်မုန့်အလုံးပျက်သွားမှာပေါ့ ကြီးမေရဲ့”
“ဟဲ့… မပျက်အောင် စွတ်ရုံကလေး ချိန်ဆလုပ်ရမှာပေါ့။ ဟိုတစ်ခါတည်းက ဆရာက သေချာမှာလိုက်တာ။ ငါက မေ့မေ့လျော့လျော့မို့…။ နင်လည်း ပါလျှက်သားနဲ့ သေချာ မှတ်မလာခဲ့ဘူး။ ဘာမှ အားမကိုးရဘူး”
ခုတော့ ရေစိမ်ပေးလိုက်သည်ကို အားမရ၊ စိတ်မချနိုင်ပဲ ကိုယ်တိုင်လိုက်ပါလာခဲ့တော့ပြီ။
“ဘယ်နေရာမှာ ကျွေးတာလဲ”
“ဟို မြင့်မြင့်နေရာ…”
မျက်ဝန်းထောင့်မှာ ညစ်ထေးပေစုတ်နေသော ချွေးအလိမ်းလိမ်း၊ ကြေးအထပ်ထပ် အရိပ်ကလေး ဖျတ်ခနဲပေါ်လာသည်။
“ညည်း သတ္တ၀ါတွေ တစ်ကောင်မှလည်း ပေါ်မလာကြသေးပါလား”
စိုစိစိ ပေါင်မုန့်တွေပေါ် ယင်ကောင်မည်းမည်းတွေ ၀ဲစပြုပြီမို့ လက်ဖ၀ါးကလေး တယမ်းယမ်းပြုနေမိသည်။
“အနီးအနားမှာ ရောက်နေမယ် ထင်တယ် ကြီးမေရဲ့။ ဒီနေ့ ကြီးမေပါလာတော့ မျက်နှာစိမ်းနေလို့ ချက်ချင်း အနားမကပ်ရဲသေးတာ ဖြစ်မယ်”
အောက်ခင်းစက္ကူတွေ ရေထိလျှက် စိုနူးကာ တရိရိ စုတ်ပြဲတော့မည်။ ကြီးမေကတော့ ဇွဲကောင်းနေဆဲ။ ဟို ကလေးကလည်း ခုထိ မပြန်သေး။ လက်လျှော့လိုက်ပါတော့လား မောင်လေးရယ်။ ကြီးမေကလည်း….
“ဆရာက သေချာ မှာလိုက်တာ ကြားတယ် မဟုတ်လား။ သူတို့စားနေတာကို သေချာစောင့်ကြည့်။ ကိုယ့်ဒါနအတွက် ပီတိတွေ တစိမ့်စိမ့်ပွားနေရမှာတဲ့။ ခုထိလည်း တစ်ကောင်မှ ပေါ်မလာကြသေးပါလား”
နေရောင် ညျိုးလုပြီ။ စိတ်ရှည်ဇွဲကြီးလွန်းလှသော ကြီးမေကလည်း နောက်လှည့် အိမ်ပြန်မည့်ပုံမပေါ်။ ဟို ကောင်ကလေးကလည်း ခုထိ မလှမ်းမကမ်းမှာ နေရာ မရွှေ့သေး။ ယင်တလောင်းလောင်းနှင့် ပေါင်မုန့်နှစ်လုံးကတော့ တဖြည်းဖြည်း ရိရွဲပျော့ပြဲလို့ လာသည်။ နေရီသည် ဘာကိုမှန်းမသိ။ အလိုမကျသလို၊ ၀မ်းနည်းသလိုကြီးဖြစ်လာကာ ငိုချပစ်လိုက်ချင်စိတ်ကို အတန်တန် ထိမ်းချုပ်နေရတော့သည်။ ။
Labels:
ဝတ္ထုတိုများ
Sunday, April 8, 2012
အသစ် ၀တ်စုံ
အမေက ၀တ်စုံသစ် ချုပ်ပေးမလို့တဲ့
နေ့မအား၊ ညမနား ပင်ပမ်းနေရှာတယ်။
တို့တတွေလည်း
တစ်စုံတည်းသော ညစ်နွမ်းနွမ်း တစ်ပတ်ရစ်နဲ့
ညှိုးမှိန်လွန်းလှပြီ။
ဝတ်စုံသစ်ကလေး...
ဘယ်သူတွေ လက်ချုပ်လိုက်ပေးမလဲ။
ရွှေရောင်ကြယ်သီးလေးတွေလည်း
စီစီညီညီ၊ လှလှပပ ဘယ်သူ ကူကြပါ့။
ညီငယ်ထွေးက ချုပ်ရိုးအစိတ်အကျဲ၊ အခိုင်အခန့်
စန့်ပြန့်သေသပ်ဖို့ကိုတော့ ညီမလေးတာဝန်
စဦးပုံဖော်ကတည်းက
အမေ့နံဘေးမှာ မားမတ်စွာရပ်တည်မြဲ အစ်ကိုကြီးကတော့
ရင်ညွန့်အထက်မှာ
လှပခန့်ထည်စွာ ခတ်နှိပ်ဖို့
ဝတ်စုံရဲ့ အမည်တံဆိပ်ကို
ကိုယ်တိုင်ရေးဆွဲ ပုံဖော်နေနှင့်ပြီ။
တို့တတွေ...
မျက်နှာသစ်လို့ ကိုယ်လက်သန့်စင်ထားရအောင်
မှန်လည်း ကြည့်ရမှာပေါ့။
ကြည့်
စေ့စေ့ကြည့်
ရဲရဲကြည့်လိုက်ပါ
တို့ရဲ့ အရေပြား အတွင်း၊ အပြင်က
အပြစ်အနာ ချွတ်ယွင်းချက်များ
မနှောင်းအသိနဲ့ ဆေးလိမ်းလို့
အချိန်မီ ကင်းပျောက်နေဖို့ လိုမယ်နော်။
ဝတ်စုံသစ်ဆိုတာ
ကိုယ်တွင်းအနာ အားနည်းချက်ကို ဖုံးအုပ်လို့
ဟန်လုပ် ဂုဏ်မောက်ဖို့ မဟုတ်ဘူးလေ။
အ၀တ်သစ်တိုင်းလည်း
ပွဲလည်တင့်တာတော့ မဟုတ်ဘူး။
အ၀တ်နဲ့ လျှော်ညီအောင်
သင့်ရာ အရပ်မှာနေ...
လျှော်အောင်ကျင့်ကြံလို့
မြဲမြံသတိနဲ့ အသိဖြည့်ကြမယ် ။
နေမညိုမီ လှချင်သူများ
တူတူညီညီ တန်းစီလိုက်ရအောင်။ ။
သတိုး
နေ့မအား၊ ညမနား ပင်ပမ်းနေရှာတယ်။
တို့တတွေလည်း
တစ်စုံတည်းသော ညစ်နွမ်းနွမ်း တစ်ပတ်ရစ်နဲ့
ညှိုးမှိန်လွန်းလှပြီ။
ဝတ်စုံသစ်ကလေး...
ဘယ်သူတွေ လက်ချုပ်လိုက်ပေးမလဲ။
ရွှေရောင်ကြယ်သီးလေးတွေလည်း
စီစီညီညီ၊ လှလှပပ ဘယ်သူ ကူကြပါ့။
ညီငယ်ထွေးက ချုပ်ရိုးအစိတ်အကျဲ၊ အခိုင်အခန့်
စန့်ပြန့်သေသပ်ဖို့ကိုတော့ ညီမလေးတာဝန်
စဦးပုံဖော်ကတည်းက
အမေ့နံဘေးမှာ မားမတ်စွာရပ်တည်မြဲ အစ်ကိုကြီးကတော့
ရင်ညွန့်အထက်မှာ
လှပခန့်ထည်စွာ ခတ်နှိပ်ဖို့
ဝတ်စုံရဲ့ အမည်တံဆိပ်ကို
ကိုယ်တိုင်ရေးဆွဲ ပုံဖော်နေနှင့်ပြီ။
တို့တတွေ...
မျက်နှာသစ်လို့ ကိုယ်လက်သန့်စင်ထားရအောင်
မှန်လည်း ကြည့်ရမှာပေါ့။
ကြည့်
စေ့စေ့ကြည့်
ရဲရဲကြည့်လိုက်ပါ
တို့ရဲ့ အရေပြား အတွင်း၊ အပြင်က
အပြစ်အနာ ချွတ်ယွင်းချက်များ
မနှောင်းအသိနဲ့ ဆေးလိမ်းလို့
အချိန်မီ ကင်းပျောက်နေဖို့ လိုမယ်နော်။
ဝတ်စုံသစ်ဆိုတာ
ကိုယ်တွင်းအနာ အားနည်းချက်ကို ဖုံးအုပ်လို့
ဟန်လုပ် ဂုဏ်မောက်ဖို့ မဟုတ်ဘူးလေ။
အ၀တ်သစ်တိုင်းလည်း
ပွဲလည်တင့်တာတော့ မဟုတ်ဘူး။
အ၀တ်နဲ့ လျှော်ညီအောင်
သင့်ရာ အရပ်မှာနေ...
လျှော်အောင်ကျင့်ကြံလို့
မြဲမြံသတိနဲ့ အသိဖြည့်ကြမယ် ။
နေမညိုမီ လှချင်သူများ
တူတူညီညီ တန်းစီလိုက်ရအောင်။ ။
သတိုး
Tuesday, March 27, 2012
ဆူးကြိမ်လုံး
လူကို ခြေဆုံးခေါင်းဖျား၊ ထက်အောက်စုံဆန် သိသာစွာ အကဲခပ်နေပုံက အနည်းငယ် ရိုင်းပြလွန်းသည်ဟု ကျွန်မ ခံစားခဲ့ရသည်။ ဒါပေမယ့် သူ့မအား တုန့်ပြန်မကြည့်ရဲခဲ့ပါ။ သူမက ကျွန်မထက် အပုံကြီး စီနီယာကျသော ၀ါရင့်ဆရာတစ်ယောက်ဖြစ်သည်။ ကျွန်မက လုပ်သက် လက်ငါးချောင်းတောင် မပြည့်သေးသော ဆရာမ ပေါက်စလေးမျှသာ။ သင်ကြားမှု အတွေ့အကြုံ၊ ကျောင်းသားစရိုက်မျိုးစုံတို့အား အလျှော့အတင်းမှန်မှန် ထိန်းညှိကာ ဆုံးမသွန်သင်၊ ဆွဲဆောင်ပဲ့ပြင်ရာမှာ ကျွန်မထက် ရှေ့ကျသော ၀ါရင့် ဆရာ၊ ဆရာမများအားလုံအား စံထားကာ သင်ယူရပါဦးမည်။
************
အမှန်အတိုင်း ၀န်ခံရလျှင် သူမထံမှလည်း ကျွန်မ လိုချင်လိုအပ်သောအရာ များစွာကို စုတ်ယူရရှိနိုင်မည်ဟု မျှော်လင့်ထားခဲ့မိတာ ဖြစ်ပါသည်။
**************
ကျွန်မ၏ ပထမဆုံးပိုစတင်က မြို့နှင့်ဝေးလှမ်းသော ကျေးရွာအုပ်စု ရွာကြီးတစ်ရွာ ဖြစ်သည်။ အထက်တန်းကျောင်း ဖွင့်ခွင့်ရခဲ့တာပင် ကျွန်မ အလုပ်မ၀င်မီ တစ်နှစ်နီးပါးခန့်က ဖြစ်သည်မို့ အသားမကျသေးသောကျောင်းမှာ အသစ်စက်စက် ဆရာမပေါက်စ ကျွန်မအတွက် အစစ၊ အရာရာ ခက်ခဲကြမ်းတမ်းခဲ့ပါသည်။ သွားရေးလာရေး၊ နေရေးစားရေးက အစ အဆင်မပြေဟု ကျွန်မ ခံစားခဲ့ရသော်လည်း ခုနေပြန်တွေးတော့ လွမ်းလွမ်းတတ ဖြစ်ရပြန်သည်ပင်။ အထူးသဖြင့် ရိုးသား၍ အရိုင်းဆန်သော တောသူတောင်သား၊ ကျွန်မ၏ တပည့်များပဲပေါ့။ မြို့ကျောင်းကို ပြောင်းရွှေ့မိန့်ရစဉ်က ကျွန်မ ထခုန်မတတ် ၀မ်းသာပျော်ရွှင်ခဲ့ရသော်လည်း သူတို့လေးတွေ၏ ငိုမဲ့မဲ့ မျက်နှာလေးတွေကို အမြင်မှာတော့ ကျွန်မလည်း သူတို့နှင့်အတူ ငိုခဲ့ရသေးသည်ပင်။ သူတို့နှင့်ဝေးရာ မြို့သို့ ကျွန်မအား တင်ဆောင်ခေါ်သွားတော့မည့် သဘောင်္ကလေး မြစ်လည်ရောက်သည်အထိ မြင်ကွင်းတဆုံး ကမ်းလုံးညွှတ်မျှ လိုက်ပို့ကာ နှုတ်ဆက်ကြပြန်လျှင် ကျွန်မ ၀မ်းပန်းတနည်း၊ မျက်ရည်လည်ရွှဲ ကြားက ရှက်ရွံ့ရကောင်းမှန်း သတိရသေးသည်။ ဘ၀ရဲ့ အစိတ်အပိုင်းများစွာထဲက နှစ်နှစ်ကျော်ကာလ ကလေးပဲ သူတို့နှင့်အတူ နေနိုင်စွမ်းသတ္တိ ရှိခဲ့တဲ့ ကျွန်မဟာ သူတို့အပေါ် တာဝန်ကျေခဲ့ရဲ့လား။ ကျွန်မတို့၏ တွေ့ဆုံကြုံကွဲ ဖြစ်ပျက်ပြောင်းလဲမှုက အနည်းငယ်တော့ မြန်ဆန်လှချည့်ဟု တွေးကာ နောင်တနှင့် လိပ်ပြာမလုံချင်။
အချိန်အားကလေးရတိုင်း လိပ်ပြာဆေးသည့်သဘောလည်း သက်ရောက်၊ ကျွန်မ၏ ကျောင်းသား များကိုလည်း အမှန်တကယ် သတိရကာ စိတ်မှန်းဖြင့် လွမ်းနေမိသေးသည်မို့ သူတို့လေးတွေ၏ ပုံသဏ္ဍန်၊ အကျင့်စရိုက်ကလေးတွေကို တစ်ကြောင်းဆွဲပုံဖော်ကာ ပြောပြဖြစ်သေးရာ…
“ဒီလို ပါပဲအေ။ ပထမဆုံး အတွေ့အကြုံဆိုတော့ လွမ်းမဆုံးဘူးပေါ့။ ကျုပ်တို့တော့ ရိုးဟိုးဟိုးနေလို့ သင်းတို့တတွေနဲ့များ ဝေးလေ၊ ကောင်းလေ…”
ကျွန်မ၏ စိတ်လိပ်ပြာကလေး လန့်ကာပြေးလေလျှင် ကျွန်မလည်း အလန့်တကြား နှုတ်ပိတ်နေလိုက်ရတော့သည်။
***************
ကျောင်းသို့ ရောက်စ နှစ်မှာ ကျွန်မ အတန်းပိုင် မရခဲ့ပါ။ ထို့ကြောင့် စာရင်းဇယားများ ပြုစုထိန်းသိမ်းရေးတာဝန် အနည်းငယ်မျှ သက်သာနေခဲ့သည်။ သို့ပေမယ့် ကျွန်မ အအားမနေခဲ့ပါ။ သင်ကြားရေးမှာ ပိုလို့ အာရုံစိုက်ဖြစ်ခဲ့ပါသည်။ ဝေယျဝစ္စ များပြားရှုပ်ထွေးလှသဖြင့် အတန်းမှန်မှန်မ၀င်နိုင်သော အတန်းပိုင်ဆရာများ၏ ကိုယ်စား ကျွန်မ တတ်နိုင်သမျှ စာသင်ချိန်ကို အစားယူကာ စာသင်ဖို့သာ ဆန္ဒပြင်းပြနေခဲ့သည်။ သူမကတော့ ကျွန်မအား နောက်ကွယ်မှာသာမက ရှေ့တင်လည်းပဲ…
“တံမျက်စည်း အသစ်ကလေးကိုး”
ပြောင်ပြောင်တင်းတင်းပဲ ချီမွမ်းခြေကျောက်ခဲ့လေသည်။ ကျွန်မ၏ ကျောင်းသားတွေက နားစွန်နားဖြား ကြားကာ စပ်စုကြပြန်ရာ….
“အလုပ်ဝင်စမို့သာ စာတွေ ကြုံးသင်နေတာ။ နောက်နှစ်တွေဆို သွေးအေးပြီး စာသင်တာလည်း လျော့လာမှာလို့ ပြောတာ”
ကျွန်မ၏ ကျောင်းသူတွေက သူမ၏ နောက်ကျောအား မျက်စောင်းယောင်ယောင်ဝဲလျှက် နှုတ်ခမ်းမဲ့ကြတာ မြင်လျှင်တော့ ကျွန်မ၏ အပြောအဆိုကို ကျောင်းသားတွေ ရှေ့မှာ ဆင်ခြင်ထိန်းသိမ်းသွားတော့ဖို့ ကိုယ့်ကိုယ်ကိုယ် တင်းတင်းကြပ်ကြပ် သတိပေးလိုက်မိတော့သည်။
“အပျိုဆရာမ ဆိုရင်တော့ သင်းတို့က သိပ်ခင်တွယ်တယ်”
ထောင်းခနဲ ဒေါသနှင့် စိတ်ထဲဆာလောင်လာပေမယ့် အသက်ပြင်းပြင်းရှူကာ ပူလောင်မှုတွေကို ဖျောက်ဖျက်လျှော့လျှ ပစ်ရတာ ပင်ပန်းတကြီးရှိလှလေသည်။
တကယ်ဆို ကျွန်မ၏ ကလေးတွေက သူတို့နှင့် အသက်အရွယ်ချင်း နီးစပ်သော၊ စိတ်ဝင်စားရာခြင်းလည်း သိသာစွာ မခြားနားလှသေးသော ဆရာ၊ ဆရာမတွေအား ပြောရဲဆိုရဲ ရှိကာ ရင်းနှီးကျွမ်းဝင်လွယ်ကြတာ ဖြစ်ပါသည်။ ဆရာ့ဂုဏ်သိက္ခာကို အရောင်မမဲ့စေပဲလျှက် ကျောင်းသားနှင့် အကျွမ်းတ၀င် ရှိခြင်းဟာ သင်ကြားရေးကို များစွာအထောက်အကူပြုသည်ဟု ကျွန်မ ထင်ပါသည်။ ထို့ပြင် ကျောင်းသား၏ လေးစားရင်းနှီးမှုကိုလည်း သင်ကြားခြင်းဖြင့်သာ တည်ဆောက်ရယူရပြန်သည်မို့ ကျွန်မ စာသင်ဖို့ရန် လောဘ ကြီးနေတတ်ပြန်မြဲ။
“နင်တို့သိပ်စိတ်ပျက်ဖို့ ကောင်းတာပဲ။ အပြင်ကျူရှင်တွေအားကိုးနဲ့ တစ်ယောက်မှကို အချိုးမပြေတော့ဘူး။ နင်တို့ သိပ်သိ၊ သိပ်တတ်နေကြပြီလား။ ဟုတ်လား။ နင်တို့ အတန်းကို စာမသင်ချင်တော့ဘူး”
…ပြောပြီး စာသင်ခန်းထဲက ဆောင့်ဆောင့်အောင့်အောင့် ထွက်လာသော သူမ၏နောက်မှာ ကလေးများက ပွစိပွစိ ပွက်လောရိုက်ကျန်ရစ်ခဲ့တာ သူမ မသိနိုင်ပါ။
“အဲဒီကောင် ပိုပြီး ရိုင်းစိုင်းလာတယ်”
ကလေးများဘက်မှ အယူခံဝင်ချင်မိသော်လည်း သတိကြီးကြီးထားကာ နှုတ်ပိတ်နေရပါသည်။ သူမတို့တတွေက ကလေးတွေကို ဖြတ်မလျှောက်ရဲလောက်အောင် အပြစ်ရှာတွေ့တတ်ကြသူတွေဖြစ်သည်။ ဆံပင် ဘယ်လို လုပ်လာတာလဲ။ ပုဆိုးပြင်ဝတ်စမ်းကအစ အော်ဟစ်ငေါက်ငန်းကာ ပြောရမှ စေးစေးပိုင်ပိုင်ရှိသလို ထင်ကြတာ ဖြစ်သည်။ ဘာမှ ပြောစရာ မရှိလျှင် ခေါင်းငုံ့၊ လက်ပိုက်ကာ ပြုံးပြုံးကလေးနှင့် ဖျတ်ခနဲ ခိုးငေးအလာကို စောင့်ဖမ်းကာ ရှုတည်တည်တုန့်ပြန်တတ်ကြတာ ဖြစ်သည်။
ကျွန်မကတော့…
“ဆေးမင်ရည် စုတ်ထိုးဆိုတာ ဖျက်ဖို့ ပြင်ဖို့ မလွယ်ပါဘူးကွာ”
“ခု ဖျက်လို့ လွယ်နေပြီ ဆရာမရဲ့”
“လွယ်ပေမယ့် ငွေကုန်ကြေးကျ များတယ်ကွ။ ပြီးတော့ လူမှာ ကိုယ်ရောင်ကိုယ်ဝါရှိတယ်။ ဥပဓိလို့ ခေါ်မလားမသိဘူး။ တချို့တွေ ရုပ်မလှ၊ မချမ်းသာပေမယ့် သူတို့နဲ့ ဆက်ဆံတဲ့အခါ အရှိန်အ၀ါတစ်မျိုး ရှိနေတတ်သလို ခံစားရတာမျိုးလေ။ ဆရာမကတော့ ဆေးမင်ထိုးရင် နှစ်လို လေးစားစရာ အရှိန်အ၀ါကောင်းတွေ လျော့တယ်လို့ ထင်တယ်။ အသရေ လျော့တယ်ပေါ့”
“ဗီဒီယိုထဲမှာ ရာကူဇာတွေ ထိုးထားတာ နဂါးရုပ်ကြီးတွေ အရမ်းလှတာ။ ခုဆို အဆိုတော်တွေ၊ ရုပ်ရှင်မင်းသား၊မင်းသမီးတွေရော…။ အားကစားသမားတွေရော… တက်တူးထိုးကြတာ”
“ဟဲ့.. သူတို့က အသက်မွေး ၀မ်းကျောင်းအရ သူများထက်ထူးအောင်၊ ပေါ်ပြူလာဖြစ်အောင် လုပ်ကြတာပါ။ ကိုယ်က ကျောင်းသား။ ဘာဆိုင်တာ မှတ်လို့။ အားကျပြီး အတုခိုး မနေကြနဲ့ ။ မနေနိုင်လို့ လုပ်ချင်လှပါတယ်ဆိုရင်လည်း စတေကာကပ်ကြည့်…”
“တကယ်လား ဆရာမ”
စကားကျွံခဲ့ပြီကို သတိရပေမယ့် နုတ်ပယ်ပြင်ဆင်ရန် ခက်ခဲခဲ့ပြီမို့ နောင်တရချင်ပြီ။
“ဟေ့.. ကျောင်းကို လုပ်လာလို့ မရဘူးလေ။ ကျောင်းပိတ်ရက်တွေ မင်းတို့ဘာသာ အိမ်မှာ ကပ်ကြည့်ပေါ့။ ဒါပေမယ့် ဆရာမ ပြောရဲပါတယ်။ အဲဒါတွေကိုယ်ပေါ်မှာ ရှိနေကာကို မင်းတို့ ရေရှည် မကြိုက်နိုင်ပါဘူး”
တကယ်လည်း သူတို့တတွေ အကြာကြီး မနှစ်သက်ခဲ့ကြပါ။ ဘယ်အရာကိုမှလည်း တစွဲတလန်း သိပ်ရှိလှကြတာ မဟုတ်ပေ။ သူများလုပ်လျှင် လိုက်လုပ်ချင်ကာ ခဏကြာတော့လည်း မေ့ပျောက်လွယ်ကြသည်သာ။ သို့သော် မလုပ်နဲ့ဟု ဇွတ်တားလျှင် ရှေ့တိုးခိုးလုပ်ချင်ကြတာ ဆိုးလှသည်။
“ရုပ်က ဘာရုပ်ထွက်နေမှန်းမသိဘူး။ သူခိုး၊ ဂျပိုးရုပ်”
သူမက ထိုသို့ဆိုဖန်များလေလျှင်တော့ ကလေးတွေက အရွဲ့တိုက်ကာ ဆန့်ကျင်လိုဟန် ပြကြပြန်တော့ သည်ပင်။ ရှေ့တွင်တော့ ကုတ်ချောင်းချောင်းကလေးတွေ လုပ်ပြခဲ့ပေမယ့် ကွယ်သည်နှင့် ကော့ပက် ကော့ပက် တမင်လျှောက်ကာ လက်မနှင့် လက်သန်းထောင်လျှက် ဖုန်းဆက်ဟန် လုပ်ပြနေကြပြန်သည်မို့ ကျွန်မ မှာ ခိုးရယ်ခဲ့ရတာ အကြိမ်ကြိမ်..။
**************
ကျောင်းမှာ လက်ကိုင်ဖုန်း စ,ကိုင်နိုင်ခဲ့သူမှာ ကတော်ဆရာမ တစ်ယောက်ဟု ကြားသိမှတ်သား ခဲ့ဖူးပါသည်။ ထိုအချိန်ကတော့ လက်ကိုင်ဖုန်းဆိုတာ လူလတ်တန်းစား အများစုနှင့်ပင် အလှမ်းဝေးနေသေးသော အမြင့်စားဈေးနှုန်းမို့ ကျန် ဆရာ၊ ဆရာမတွေမှာ အားကျငေးမောလျှက်က ကြည့်မရနိုင်ခဲ့ကြပြန်။ ငါးသိန်းတန် လက်ကိုင်ဖုန်းတစ်ခေတ်မှာတော့ ဆရာ၊ ဆရာမ အတော်များများ လက်ကိုင်ဖုန်းတွေနှင့် ဖြစ်ကုန်ကြပြီ။ ထိုအခါ ဖုန်းအခွံပြိုင်ရသည့် အလုပ်တစ်လုပ်တိုးလာခဲ့သည်။ ဖုန်းမပိတ်ပဲ စာသင်ခန်းနှင့် အစည်းအဝေးခန်းမထဲ ၀င်သည့်ကိစ္စကို ကျောင်းအုပ်ကြီးက သတိပေးတားမြစ်ထားသောကြောင့် နေ့လည် ကျောင်းဆင်းချိန်တွေမှာသာ မိမိအိမ်ဆီ အပြိုင်ဖုန်းဆက်ကာ မှာတမ်းချွေကြရသည်။ တချို့ဆရာမတွေကတော့ ခင်ပွန်းသည်၏ အလုပ်ခွင်ဆီ ထမင်းစားကောင်းရဲ့လား၊ ညနေ အလုပ်ကနေ အိမ်တန်းပြန်နော်။ နောက်မကျစေနဲ့ စသည်ဖြင့် အီစီကရီ ကြရပြန်သည်။ သူမကိုတော့ တစ်နေ့တာ ကြိမ်နှုန်းအများဆုံး ဖုန်းပြောသူ ဆရာမ အဖြစ် ကျောင်းသားများက အသိမှတ်ပြုထားကြပါသည်။
ကျောင်းမှာတော့ ခပ်အေးအေးနေသော ဆရာ၊ ဆရာမ တချို့က လွဲလျှင် အားလုံးက အစစ ပြိုင်ဆိုင်နေကြတာပဲ ဖြစ်သည်။ လက်ကိုင်ဖုန်း၊ လက်ကိုင်အိတ်၊ လက်ဝတ်ရတနာသာ မက အဖြူအစိမ်း ဆင်တူဝတ်စုံကိုပင် ပိတ်စ တန်ဘိုးချင်းပြိုင်ကြသည်။ ကျောင်းသို့အလာ ဆိုင်ကယ်၊ ကားလည်း ပြိုင်သည်။ ဖိနပ်၊ ရေမွှေးလည်း ပြိုင်သည်။ ဆံထုံးနှင့် ပန်းလည်း ပြိုင်သည်။ အဆိုးဆုံးမှာ ကျောင်းသားများထံမှ ကန်တော့လက်ဆောင်ချင်း ပြိုင်ကြတာပဲ ဖြစ်သည်။
“ညည်းတို့နော်။ မသိတတ်ကြတာလား။ မသိချင်ယောင် ဆောင်နေကြတာလား။ သီတင်းကျွတ်တုန်းကလည်း ရောက်မလာကြဘူး။ ခု ကျောင်းပိတ်တော့မယ် ဟွန်း”
ကျွန်မမှာတော့ ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသော ကန်တော့လက်ဆောင်တွေကိုပင် အချိန်မရွေး ထပေါက်ကွဲတော့မည့်ဗုံးတစ်လုံးလို လက်ခံရန် တွန့်ဆုတ်တွေဝေနေရတာ သစ္စာ ဆိုဝံ့ပါသည်။ သည်ဆရာကို ကန်တော့လျှင် ဟိုဆရာက ဘာပြောမလဲဟု ကြောက်ရွံလို့သာ ရောက်လာရသော ကျောင်းသား ဘယ်နှစ်ယောက်ရှိနေမလဲဟု သံသယနှင့် အကဲခပ်မပျက်။ လက်အုပ်ချီကန်တော့နေကြစဉ်မှာ အသက်အောင့်ကာ ဘုရားကို အာရုံပြုနေမိသည့်ကြားမှ ငါ ကန်တော့ခံထိုက်တဲ့ ဆရာတစ်ယောက် ဟုတ်ရဲ့လားဟု ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ရတာလည်း အမောပေ။
“သမီးတို့ကိုလေ။ မုန့် ၀ယ်လာမပေးလို့တဲ့…ဟီး…ဟီး”
တစ်လုပ်တစ်ဆုတ်စာ မုန့်အတွက်လည်း ပြောစရာဖြစ်အောင် လုပ်နေတတ်ပြန်တာ မခက်လား။ ကျောင်းအပ်လျှင်လည်း မုန့် ၀ယ်လာစေချင်ကြသည်။ ခုံနံပါတ် ထုတ်လျှင်လည်း အချိုရည်ကလေးနှင့် တွဲလျှက်ပါစေချင်ကြသည်။ ဆိုးစာပါသော တချို့ ကျောင်းသားတွေကတော့…
“ဆယ်တန်းအောင်မှ တစ်ကျောင်းလုံးကို အ၀ကျွေးမယ်လေ ဆရာမရဲ့ ဟဲ..ဟဲ”
“နင်တို့က ဒီတစ်သက် အောင်ဦးမှာမို့လား”
မည်းခနဲ မျက်နှာပျက်ကျသွားသော ထိုကျောင်းသားတို့ နှလုံးသားမှာ အမာရွတ်နက်နက်တစ်ခု စွဲထင်မသွားခဲ့ပါဘူးဟု ဘယ်သူ ငြင်းမလဲ။
**************
“ဘယ်သူ တရားပျက်ပျက် ကိုယ်မပျက်ဖို့ပဲ လိုတယ်”
ကျွန်မရဲ့ ဆရာမကတော့ အခါများစွာကအတိုင်း အေးချမ်းချစ်မက်ဖွယ် မူပိုင်အပြုံးကလေးမပျက် သိမ်မွေ့စွာ စကားဆိုလျှက်ပေ။
“သမီး စိတ်ညစ်တယ် ဆရာမ”
ဆရာမက ဦးခေါင်းကို ရွေ့ရွေ့ညင်သာ ခါရမ်းလိုက်လေကာ….
“သမီးကို ဆရာမ ပြောထားဖူးတယ်လေ။ ဘယ်တော့မှ…၊ ဘာအကြောင်းကြောင့်မှ…”
“ဟုတ်.. သမီး စိတ်တော့ မပျက်သေးပါဘူး”
ဆရာမက သူ့တပည့်မအား ကျေနပ်စိတ်ချသွားပုံနှင့်….
“အဲဒါတွေက အခိုက်အတန့်ပါ။ ရေရှည် မတည်နိုင်ပါဘူး။ ခေတ်စနစ် တစ်ခုပြောင်းရင်း သူ့အလိုလို ပြောင်းလဲလာလိမ့်မယ်။ မပြောင်းမလဲလုပ်နေရင် သူတို့တွေ ရပ်ကျန်ခဲ့ရလိမ့်မယ်။ သေချာတယ်”
…..ပြီးတော့ သမီးရဲ့ တပည့်တွေ…. ။ ခု ဆယ့်လေးငါးနှစ် အသက်အရွယ်မှာတောင် သူ့အသက်အရွယ်နဲ့တန်အောင် အကောင်းအဆိုး ခွဲခြားတတ်နေကြတာပဲ မဟုတ်လား။ သူတို့လေးတွေက ဒီအသက်အရွယ်၊ ဒီအသိတရားနဲ့ တသမတ်တည်း ရပ်တန့်နေကြမှာ မဟုတ်ဘူးလေ ။ ကိုယ် ပြင်ဆင်ထားရမှာက သူတို့ကို လူကြီးဘ၀နဲ့ ပြန်တွေ့ရမယ့် နောင်တစ်ချိန်မှာ ကိုယ့်ဘက်က လိပ်ပြာသန့်သန့်၊ ရဲရဲတင်းတင်း နှုတ်ဆက်ပြုံးပြနိုင်ဖို့ပဲ”
ကျွန်မ တွေဝေခြင်းကင်းစွာ ကတိပေးနိုင်ပါသည်။ ကျွန်မ၏ ရှေ့မှာ ကျွန်မ အတုယူ၊ အားကျခဲ့ရ၊ အားကျနေရဆဲ ဆရာမ တစ်ယောက်လုံး ရှိနေသေးတာ မဟုတ်လား။ ကျွန်မ ဆယ်တန်းကျောင်းသူ ဘ၀ ဘက်စုံထူးချွန်စားမေးပွဲဖြေရန် ရွေးချယ်ခံရစဉ်က သူ့အိမ်မှာပဲ နေ့နေ့ညည ခေါ်ထားကာ ထမင်းကျွေး၊ မုန့်ဖိုးပေးရင်း စာသင်ပေးခဲ့သော ဆရာမ။ တော်တဲ့သူတွေမှ ဆရာ၊ ဆရာမ ပိုဖြစ်ထိုက်တာ။ ဘီအီးဒီ ၀င်အောင်ကြိုးစားနော် လို့ တဖွဖွ အားပေးခဲ့ဖူးသေးတာ…။ ကျောင်းတက်နေစဉ်တစ်လျှောက်သာမက အလုပ်ခွင်ဝင်နေစဉ်မှာတောင် အဆင်ပြေရဲ့လား၊ ဘာတွေ လိုအပ်သေးလဲဟု လူကြုံတိုင်း မေးမြန်း ဖြည့်ဆည်းမှု မပျက်ကွက်ခဲ့စဖူး။ ဒီလိုနေ၊ ဒီလိုစား၊ ဒီလူနဲ့တွေ့ရင် ဒီစကားမျိုးဆိုဟု သွန်သင်လမ်းပြခဲ့ရုံမက ဖတ်ဖို့စာအုပ်က အစ ရှာဖွေကာ ပို့ပေးနေတုန်း။
“အားလပ်မှ လာပါအေ။ ညည်းမရောက်လာအားလည်းပဲ ကျုပ်က နားလည်ပါတယ်။ ညည်းရဲ့ သတင်းကောင်းကိုလည်း အမြဲ နားစွင့်ထားတာပဲ”
ကျွန်မရဲ့ လက်အုပ်ချီမှုကို ဆရာမက တွေဝေခြင်းကင်းစွာ ပီတိဖြင့်ခံယူနေတော့တာ ကျွန်မဖြင့် အားကျမဆုံးနိုင်ခဲ့။
***********
“၀မ်းမနည်းဘူး”
ထိုစကားကို သူမ၏နှုတ်မှ မမျှော်လင့်စွာ ကြားသိမိရစဉ် ကျွန်မ တုန်လှုပ်အံ့သြသွားခဲ့ပါသည်။ သူမကိုယ်တိုင်ကတော့ အဆင်ခြင်မဲ့ စကားတစ်ခွန်းအတွက် အနည်းငယ်မျှ နောင်တရသွားဟန်မရှိ။ ပြန်လည်ပြင်ဆင် ရုတ်သိမ်းရကောင်းမှန်းလည်း သိတတ်ပုံမပေါ်ခဲ့ပေ။
“၀မ်းမနည်းဘူး”… ဆိုစကားဟာ ၀မ်းသာလိုက်တာ လို့ အဓိပ္ပါယ် မသက်ရောက်မှန်းတော့ ကျွန်မလည်း သိတာပေါ့။ ဒါပေမယ့် လူသားအချင်းချင်းကြားမှာ ဒီလိုနေစိမ့်ကြောင်တောင်တဲ့ စကားမျိုးတွေကို လက်လွန်ခြေလွန် သုံးနှုန်းဖို့တော့ မသင့်ဟု ထင်သည်။ ပြီးတော့ ဒါဟာ သူမ၏ တပည့်ဟောင်းများနှင့် ပတ်သက်သော သတင်းဆိုးဖြစ်နေသည် မဟုတ်လား။
ကျောင်းအုပ်ကြီး ရုံးခန်းကို ခဏ.. ခဏ ရောက်ကာ အကြိမ်ကြိမ် သတိပေးခံခဲ့ရဖူးတဲ့ ကလေးတွေဟာ လူလိမ္မာလေးတွေတော့ မဟုတ်ဘူးပေါ့။ ဆရာ၊ ဆရာမတွေ ဆိုဆုံးမစဉ်မှာတော့ ခေါင်းကလေးတညိတ်ညိတ်နှင့် ဟုတ်ကဲ့ချင်း ထပ်နေပေမယ့် နောက်ကွယ်သွားလျှင် ထင်ရာစိုင်း တတ်ကြပြန်တာလည်း ကျောင်းသားဆိုးကလေးတွေရဲ့ အမူအကျင့်ပါပဲ။ ဒါပေမယ့် ဥပက္ခာတရားနှင့် ဆုတ်နစ်စေသည်အထိတော့ သူတို့ ဘယ်သူ့ကိုမှ ဒုက္ခမပေးခဲ့ကြပါဘူး ထင်သည်။ ခုတော့.. တက္ကသိုလ်ကျောင်းသား လူဆိုးလေးနှစ်ယောက်၏ ဆိုင်ကယ်အက်ဆီးဒင့် ဖြစ်ရပ်က မရှုမလှ၊ ပွဲချင်းပြီး…။
အိုး…။ ဘယ်လောက်ခါးသီးဖို့ ကောင်းလိုက်ပါသလဲ။ ကြေကွဲဖွယ်လည်း အတိပြီးလေသည်။ သူမကတော့….
“ကြားကြတယ် မဟုတ်လား။ ဆရာကို ဆရာမှန်း မသိတဲ့ဟာတွေ….”
ဆရာကို ဆရာမှန်း မသိတတ်လောက်အောင် အရိုသေတန်သော ယဉ်ကျေးမှုတို့ ကျွန်မတို့ ၀န်းကျင်မှာ မတွယ်ကျယ်သေးဟု ထင်ပါသည်။ ဒါပေမယ့် ယိုယွင်းစတော့ ပြုလာနေပြီလား။ မည်သို့ပင်ဖြစ်စေ အသွားရှိလျှင် အပြန်လည်း ကြုံတတ်သော မေတ္တာတရား၏ အနက်သဘောကိုတော့ ကျွန်မတို့ မေ့မပစ်သင့်ကြပါ။
သူမ စာသင်ခန်းထဲမှ ထွက်ခွာသွားလေလျှင် ဒဏ်ရာဆူးနှင့် နှလုံးသားများစွာကတော့ ညည်းငြူသံ သဲ့သဲ့ပြုလျှက် နွမ်းယဲ့စွာ ကျန်ရစ်ခဲ့လေသည်။ ။
သတိုး
Labels:
ဝတ္ထုတိုများ
Monday, February 20, 2012
ဇမ္ဗူကမ္ဘာတစ်ခွင် သူသာပင်……
အဲဒီ ကလေးမ… အတော်ပင်ပန်းရှာမှာပဲ။
တံလျှပ်တွေ တရှိန်ရှိန်ထနေတဲ့ နေ့လည်ခင်း နေပြင်းပူပူ ကြီးမှာ ရပ်ကွက်နှစ်ခုကို ဖြတ်သန်းပြီး ခြေကျင် လမ်းလျှောက်လာရတာ မဟုတ်လား။
ဧည့်ခန်းထောင့်ကလေးမှာ ကုတ်ကုတ်ကလေးထိုင်ပြီး မျက်နှာ၊ လည်တိုင်တွေဆီ စီးကျနေတဲ့ ချွေးတွေကို လျှာထိုးဦးထုပ် နွမ်းညစ်ညစ်ကလေးနဲ့ တို့သုတ်နေပြန်တယ်။ ပြီး လျှာကလေးတစ်လစ်ထုတ်ထားပြီး သူ့ဦးထုပ်ကလေးနဲ့ပဲ မနိုင်မနင်းယပ်ခတ်ရင်း အမောဖြေနေပြန်တာမို့ ပလပ်စတစ် ယပ်တောင်တစ်ချောင်း ယူပေးလိုက်ရတယ်။
ဖြစ်နိုင်ရင် အအေးတစ်ခွက်တော့ ဧည့်ခံလိုက်သင့်တယ်လို့ တွေးမိတယ်။ ဒါပေမယ့် လက်တွေ့မှာ ရေတစ်ခွက်တိုက်ဖို့တောင် တွန့်ဆုတ်နေပြန်တယ်။
“ဟို.. ရေ၊ ရေတစ်ခွက်လောက်တိုက်ပါ အန်တီ”
သီးမခံနိုင်တော့တဲ့ အဆုံးမို့ ထင်ပါရဲ့။ ကိုယ့်တံတွေးကိုယ် အနိုင်နိုင် မြိုချနေရင်း နှုတ်ကနေ ထုတ်ဖော် တောင်းလာတဲ့အထိ ဖြစ်လာတော့ သနားချင်သလို ဖြစ်မိသေးရဲ့။ တစ်ဖက်သားအပေါ် ရေကလေးတစ်ပေါက်တောင် ဧည့်ဝတ်မကျေတဲ့ သဒ္ဓါတရား ခေါင်းပါးလှသူလို့ တော့ အထင်လွဲ မခံနိုင်ပြန်ဘူးလေ။
အရေးထဲမှာ မိနီက ရေခဲသေတ္တာထဲက ရေပုလင်းနဲ့အတူ ဖန်ခွက် အသစ်ကြီးပါ ယူလာပေးတယ်။ သွားပြီ။ ဖန်ခွက်အသစ်ကြီးတော့ ပစ်ရပါပြီ။ လူ့အရိပ်အကဲ မသိတတ်တဲ့ အဲဒီ မိနီတော့လား နေနှင့်ဦးလို့ နှမျောဒေါသနဲ့ တေးမှတ်ထားလိုက်တယ်။
ကလေးမကလည်း ဘယ်ဘ၀ကများ ရေဆာလာသလဲ မသိဘူး။ ကိုင်းဖန်ခွက်နဲ့ တဂွတ်ဂွတ် ဆင့်သောက်နေလိုက်တာ။ ရေတစ်ပုလင်း ကုန်လုမှ ရပ်တော့တယ်။ အဲဒီကောင်မလေး အငမ်းမရ ရေသောက်နေပုံကို ငေးရင်း သင်းကလေးရဲ့ လာရင်းကိစ္စကို ကြိုတွေးနေမိတယ်။ သူ့အမေရဲ့ ကျန်းမာရေးကိစ္စကလွဲပြီး ဘာများရှိရဦးမှာလဲ။ ငွေကြေးအကူညီ တောင်းလာခဲ့ရင်လည်း သင့်သင့်တင့်တင့်တော့ ပေးလိုက်ဦးမှလို့ ဆင်ခြင်မိတယ်။
ကောင်မလေးရဲ့ အမေ မမြနွယ်ဟာ အိမ်က သမီးကြီး လသားအရွယ်ကတည်းက ဒီအိမ်မှာ ၀င်ထွက်ပတ်သက်နေခဲ့ဖူးတာ ပါ။ ခုဆို သမီးတောင် တက္ကသိုလ် ပထမနှစ်ရောက်နေပြီဆိုတော့ နည်းတဲ့နှစ်တွေလား။ သံယောဇဉ်လည်း ဖြစ်မိတာပဲပေါ့။ စတုတ္ထတန်းတောင် တက်နေပြီဖြစ်တဲ့ သားငယ်ကဆို မမြနွယ်မှ မမြနွယ်။ သူ့ဝေယျာဝစ္စမှန်သမျှ မမြနွယ်လုပ်ပေးမှ စိတ်တိုင်းကျတတ်တာ။ မမြနွယ်ကို ခင်လည်းခင်တယ်။ နွဲ့ဆိုးနဲ့လည်း ဗိုလ်ကျတတ်သေးတယ်။ မမြနွယ်ကလည်း အိမ်သားအားလုံးထက် သားငယ်လေးကို ပို သည်သည်းလှုပ်တတ်တယ်။ ကလေးရဲ့ ဆိုးမျိုးသည်းညည်းမှန်သမျှ မညည်းမငြူ၊ တပြုံးပြုံးနဲ့ သူမို့ စိတ်ရှည်တယ်။ ဒါကြောင့်လည်း မမြနွယ်နဲ့ လက်ပွန်းတတီး ရှိလွန်းလှတဲ့ သားငယ်လေးကို medical check up လုပ်ရတော့တာပေါ့။ တော်သေးတယ်။ ကလေးမှာ ဘာရောဂါပိုးမှ ရှာမတွေ့လို့။ ဒါပေမယ့် ဘယ်သူမှ စိတ်မအေးနိုင်ကြသေးပါဘူး။ တစ်အိမ်လုံးက မမြနွယ်ချက်ကျွေးတဲ့ ထမင်းနဲ့ ဟင်းကိုပဲ နေ့စဉ်ရက်ဆက် စားသောက်လာခဲ့ကြတာ မဟုတ်လား။ မိသားစုလိုက် ဆေးစစ်ခံကြဖို့ သူတို့အဖေက စီစဉ်နေလေရဲ့။
ဒီလိုမှန်းသာ ကြိုသိရင် မမြနွယ်ကို ခေါ်မထားခဲ့ပါဘူးလို့ နည်းနည်းတော့ နောင်တရချင်မိတယ်။ အစကတော့ မသိခဲ့တော့ အိမ်မှာ ညအိပ်မနေနိုင်ပါဘူး ဆိုတာတောင် နံနက်သွား၊ ညပြန် ချက်ချိန်ပြုတ်ချိန်လေးပဲ လာကူပေးပါ။ အကြောင်းရှိရင်လည်း ကြိုပြောပြီး ခွင့်ယူလို့ ရပါတယ်လို့ တောင်းတောင်းပန်ပန် ပြောခဲ့၊ ခေါ်ခဲ့ရတာပါ။
ကြုံရာလူလည်း အိမ်ပေါ်ခေါ်မတင်ချင်ဘူး။ ခေါ်မတင်ရဲဘူးလေ။ မမြနွယ်ကတော့ ကိုယ်တွေ ငယ်ငယ်ကတည်းက အစင်းသိတွေ၊ ရင်းနှီးနေပြီးသူတွေလေ..။ မမြနွယ်တို့ အမေက ကိုယ်တွေ တစ်အိုးတစ်အိမ် မထူထောင်ဖြစ်ခင် ကတည်းက မိဘအိမ်မှာ ထမင်းချက်ရင်း အိမ်ထောင် ထိန်းလာခဲ့တာ မဟုတ်လား။ သူ့အမေနဲ့အတူ အိမ်ကို လိုက်လာရင်း၊ အမြင်မတော်တာ ၀င်ကူ၊ လုပ်ကိုင်ပေးရင်း ကိုယ်တွေရဲ့သဘောအထာကို ကျေညက်နေပြီးခဲ့ပြီ။ အိမ်ထောင်ကျပြီး နောက်ပိုင်းလည်း ယောက်ျားက အရက်ကလေးတမြမြ၊ သူက ကလေးတပြုံတမနဲ့ အဆင်မပြေဘူးကြားတော့ ငွေစကြေးစကလေးတွေ ကူညီပေးကမ်းရင်း အဆက်အသွယ် မပြတ်ခဲ့ဘူးပေါ့။ သမီးကြီးမွေးလာတော့ ကိုယ့်မှာ အိမ်မှုကိစ္စတွေ မနိုင်နင်းချင်တော့ဘူး။ မမြနွယ်က အမြင်မတော်တာလေးတွေ လာကူပေးရှာတယ်။ ဒါပေမယ့် သူတို့နေတဲ့ ရပ်ကွက်ကနေ ကိုယ့်အိမ်ရောက်ဖို့ဆိုတာ နီးတဲ့ ခြေကျင်ခရီးလား။ တစ်ခါတစ်လေ လူကြုံရှာပြီး မှာရတယ်။ တမော့တမော မျှော်ရတယ်။
နောက်ဆုံးတော့ မမြနွယ်ကိုပဲ ထမင်းချက်၊ အ၀တ်လျှော် အိမ်အကူဝင်ဖို့ ဖြည်းဖြည်းချင်း စည်းရုံးသိမ်းသွင်းရတော့တာပဲ။ သူ့မှာလည်း ကလေးတွေနဲ့ဆိုတော့ အလွယ်တကူ လက်ခံချင်ခဲ့တာတော့ မဟုတ်ဘူး။ ကိုယ့်အခက်အခဲတွေကို ညည်းငြူပြမိတယ်။ သူမကူရင်ဖြင့် ထမင်းတစ်လုပ်တောင် အချိန်မှန်စားရဖို့ မလွယ်တဲ့အထိ ပြောခဲ့ရတယ်။အဲဒီလောက်ပြောမှ နံနက်သွား၊ ညပြန် အလုပ်ကို အားနာပါးနာ လက်ခံခဲ့တာပါ။ သူ့မှာလည်း ယောက်ျားတစ်ယောက်တည်း လုပ်စာနဲ့ ၀မ်းမ၀ချင်တော့ဘူး မဟုတ်လား။
ခု မမြနွယ် ကျန်းမာရေးမကောင်းဘူးဆိုတော့ အားလျော့ရပြန်တယ်။ အိမ်ရှိလူကုန် ကမောက်ကမ ဖြစ်ကြရတယ်။ လခပေးငှားရင် အလုပ်သမားတော့ ရပေမယ့် မမြနွယ်လို ပြောစရာမလိုအောင် အလိုက်သိ၊ ဖြည့်ဆည်းပေးတတ်တဲ့သူက အစားထိုးလို့ မရနိုင် ဘူးလေ။ တခါတလေ … အိုးပစ်အိမ်ပစ်ထားခဲ့ပြီး တစ်မိသားစုလုံး နေကုန်၊နေခမ်း အပြင်ထွက်နေလည်း မမြနွယ်ကို အိမ်စောင့်ထားခဲ့ဖို့ စိတ်ချတယ်။ ကလေးတွေနဲ့ ထားခဲ့လည်းပဲ ကိုယ့်ထက်တောင် ဂရုစိုက်ပေးဖော်ရသေးတယ်။ ကိုယ်တွေ မအားလို့ ဘယ်သွားဦး၊ ဘယ်လာဦး ခိုင်းရင်လည်း ဖင်ပေါ့တယ်။ မှတ်မိစကနေ ခုအရွယ်အထိ သူတပါးအိမ်မှာ အလုပ်လုပ်ရင်း အရွယ်ရောက်စပြုလာတဲ့ မိနီကိုလည်း တူမသားချင်းလို စာစာနာနာ၊ သွန်သင်ဆုံးမဖော်ရနေတော့ ကိုယ်တောင် ထိန်းစရာ မလိုတော့ဘူး။
မမြနွယ်တစ်ယောက် ချောင်းတခွပ်ခွပ်ဆိုးတတ်လာတာ သတိထားမိစကတော့ သူ့ကို သတိပေးရသေးတယ်။ အစားမှားတာပါ။ အအေးမိလို့ပါနဲ့ ဆင်ခြေမျိုးစုံပေးပြီး လျှက်ဆားကလေး လျက်နေလိုက်။ ကွမ်းယာဆိုင်ကပေးတဲ့ဆေး သောက်လိုက် လုပ်နေတတ်ခဲ့တာ။ ချောင်းဆိုးရက်စိတ်လာ၊ အဖျားငွေ့ငွေ့ ရက်ကြောရှည်ကြာလာလေမှ အတင်းအကြပ်ပြုပြီး ဆေးခန်းပို့ရတော့တာ။ ဆရာဝန်က တွေ့တွေ့ချင်း မသင်္ကာသလို မျက်ဝန်းတွေနဲ့ သလိပ်စစ်ခိုင်းပါရော။ တွေ့တာပဲ။ တီဘီပိုး.. တဲ့။ အဲတော့မှ ပုတ်သင်ဥကပေါ်တော့တယ်။ သူ့ယောက်ျားကလည်း တီဘီဆေး သောက်ခဲ့ရဖူးတယ်ဆိုတာ အဲတော့မှ သိရတော့တယ်။ ကိုယ်တွေက မျက်စေ့ပျက်၊ မျက်နှာပျက် ဖြစ်နေကြရသလောက် မမြနွယ်ကတော့ ခပ်အေးအေး၊ ခပ်သာသာပဲ။ သူ့အတွက် စိတ်မပူဖို့ သူကတပြန် ဖျောင်းဖျနေပြန်သေးတာပါ။
အလုပ် မလာနဲ့ဦး ဆိုတော့လည်း မမတို့ ချက်ပြုတ်လျှော်ဖွတ်ကိစ္စတွေနဲ့ အခက်တွေ့နေမှာ စိုးရိမ်သတဲ့။ မိနီရှိပါတယ် ဆိုတာလည်း စိတ်မချပြန်ဘူးတဲ့။ ရှင့်မှာ တီဘီဆိုတာကြီးနဲု့မို့ ရှင်ချက်တာ မစားရဲတော့ဘူးလို့ ပြောင် မပြောချရုံတမယ် ငြင်းရတော့တယ်။ ဆေးမှန်မှန်သောက်ပါ။ အနားယူပါ။ ဆရာဝန်ကလည်း မှာတယ် မဟုတ်လား။ ဆေးသောက်မယ့်ရက် မကျော်စေနဲ့။ ဆေးပတ်မလည်ခင် ဆေးသောက်ဖို့ ပျက်ကွက်ရင် နောက်တစ်ကြိမ် ပိုမို ခက်ခဲပင်ပန်းရတတ်ကြောင်းတွေ ရှင်းပြရတယ်။ ဒါတောင် မမတို့ စာတတ်တဲ့သူတွေက ပိုကြောက်တတ်ကြတယ် လို့ ထွက်ကန် ကန်ခဲ့သေးတာပါ။ ကလေးတွေကိုလည်း မကူးစက်ရအောင် ဂရုစိုက်ဖို့၊ အစားအသောက်၊ အသုံးအဆောင် ၊ အအိပ်အနေ သီးသန့်ခွဲခြားထားဖို့ စတဲ့ ဆရာဝန်ဆီက ကြားရသမျှ ပြန်ဖောက်သည်ချပြန်တော့လည်း မထုံတက်သေး လုပ်နေတတ်ပြန်တာပဲ။ တီဘီဆေးက ဒီကာလမှာမို့ အလွယ်တကူ၊ လက်လှမ်းတမီမှာ ရနေတာဖြစ်ကြောင်း၊ မဟုတ်ရင် တော်တန်ရုံလူ ၀ယ်သောက်ဖို့ တတ်နိုင်မှာ မဟုတ်တဲ့အကြောင်း၊ တန်ဘိုးကြီးလွန်းတဲ့ အကြောင်း၊ ကျေးဇူးတင်စရာကောင်းလှကြောင်းတွေ ပြောမိတော့ စကားပြန်တောင် မရတော့ဘူး။
“အရေး အကြောင်းရှိရင် ရှင့်သမီးအလတ်မလေးကို လွှတ်လိုက်”
ဒီစကားကိုတော့ မမေ့မလျော့ အတိအကျ လိုက်နာရှာသားလို့ ပြုံးမဲ့မဲ့ တွေးမိရတယ်။ ကြည့်လေ..။ သူ့သမီးလေးက ခုပဲကိုယ့်ရှေ့ရောက်နေပြီ မဟုတ်လား။
“ညည်းအမေ နေကောင်းလား”
ခေါင်းပဲ ညိတ်ပြတယ်။
“အဆင်ရော ပြေကြရဲ့လား”
မိနီကို ပိုက်ဆံအိတ်သွားယူခဲ့ဖို့ မျက်ရိပ်ပြလိုက်မိမလိုရှိဆဲ စာရွက်ကလေး တစ်ရွက် လက်လှမ်းပေးလာတယ်။ မမြနွယ်ရဲ့ လက်ရေး ကွေးကွေးလေးတွေ…။
မမ…
ကျွန်မ အလုပ်မလုပ်နိုင်တော့ သူတို့အဖေ တစ်ယောက်တည်း လုပ်စာနဲ့ မလွယ်ဘူး။ စားဝတ်နေရေး ခက်ခဲပါတယ်။ ရောဂါနဲ့သေချင်လည်း သေပါစေ။ အငတ်တော့ မနေနိုင်ဘူး။
အခုလာတဲ့ ကျွန်မ သမီးကို အလုပ်ပေးပြီး မမတို့ အိမ်မှာ မိနီနဲ့ အတူထားစေချင်ပါတယ်။ ခိုင်းချင်ရာခိုင်း။ အမြင်မတော်တာ တွေ့လည်း ဆုံးမပါ။
မြနွယ်
စာဖတ်ပြီး မည်းခနဲပျက်ကျသွားမယ့် ကိုယ့်မျက်နှာကို ကလေးမလေးက မျှော်လင့်ချက်အပြည့်နဲ့ မျက်တောင်မခတ်၊ မော့မော့ကလေး ငေးနေရှာတယ်။ ပြီး…
“သမီး… သမီးက တီဘီ ကင်းပါတယ် အန်တီ”
…တဲ့။ ပြောပြီး ပုလင်းထဲက ရေလက်ကျန်ကို ဖန်ခွက်ထဲဆီ ကုန်စင်အောင်လောင်းချလိုက်တယ်။ သူ အငမ်းမရ ရေသောက်နေတာကိုကြည့်ရင်း ကိုယ်ပါ အာခေါင်တွေ ခြောက်ကပ်လာတော့တာမို့…
“ဟဲ့…မိနီ၊ ငါ့လည်း ရေလေးတစ်ခွက်လောက် တိုက်ပါဦးဟယ်”
သတိုး
Labels:
ဝတ္ထုတိုများ
Friday, February 17, 2012
ဧဒင်မှာ…..
ထိုနေ့နံနက်ခင်းမှာ ရင်ခွင်ထဲသို့ ရောက်ရှိလာခဲ့သော အနီရဲရဲ နှင်းဆီပန်းစည်းကြီးကို အံ့သြပျော်ရွှင်စွာ ပွေ့ပိုက်လျှက် …
“ကျေးဇူးတင်လိုက်တာ လပြည့်ရယ်။ ပြီးတော့ လီလီ … ရှင့်ကို ချစ်လိုက်တာ”
မြူးပြစွာ တဆွဆွခုန်လျှက် သူ့လက်မောင်းတစ်ဖက်ကို ခိုတွယ်နွဲ့တာ နေခဲ့မိသေးတာ ဖြစ်သည်။ သူကတော့ အခါများစွာကအတိုင်း နူးညံ့ရွှန်းလက်သော မျက်ဝန်းတွေနှင့် လီလီ့ကို ချစ်နိုးစွာ စိုက်ကြည့်ကာ ခပ်နွေးနွေး ပြုံးနေခဲ့ရုံသာ။ လီလီက သူ့ကိုယ်စား နှင်းဆီပန်းရဲရဲကြီးတွေကို ခုံမင်နှစ်လိုစွာ ရှိုက်မွှေးပစ်လိုက်မိတော့သည်။
ရစ်ပတ်နှောင်တွယ်တတ်သော၊ စစ်မှန်သော အချစ်ကို ကိုယ်စားပြုနေသည့် နှင်းဆီနီရဲရဲက နှစ်ဆယ့်တစ်ပွင့်တိတိ။ အိုး.. ။ အဲဒီအဓိပ္ပါယ်ကို လီလီ သိနေသည်။ လပြည့်က လီလီ့ကို ထာဝရ သစ္စာရှိရှိ ချစ်နေမှာပါလို့ ဆိုလိုချင်တာ ဖြစ်မည်။
နှုတ်နည်းအေးဆေးသော လပြည့်က လီလီ့ကို ပန်းပွင့်တွေနှင့် မကြာခဏ စကားပြောတတ်လေ့ ရှိဖူးတာလေ။ လီလီကလည်း လပြည့်၏ ပန်းစကားတွေကို နားလည်နိုင်အောင် ကြိုးစားပမ်းစား လေ့လာ၊ မှတ်သားထားခဲ့ရတော့တာပေါ့။ ဥပမာ… နှင်းဆီပန်း တစ်ပွင့်တည်း ပေးလာလျှင် မြင်မြင်ချင်း ချစ်မိတယ်လို့ အဓိပ္ပါယ် ရတာ။ ပြီးတော့ ကိုယ် မင်းတစ်ယောက်ကိုပဲ ချစ်မှာပါ တဲ့။ နှစ်ပွင့်ဆိုလျှင်တော့ စွဲစွဲမြဲမြဲ ချစ်ကြစို့ တဲ့။ သုံးပွင့်ဆိုလျှင် I love you!
လပြည့်က နှင်းဆီ ခုနစ်ပွင့်ကို လီလီထံ နေစဉ်ပေးဆက်ခဲ့ဖူးသေးတာ ဖြစ်သည်။ အဲသည်စဉ်က လီလီ့အချစ်ကို သူ အရူးအမူး တောင်းခံနေခဲ့တဲ့ အချိန်ပေါ့။
လီလီ့ကို လက်ထပ်ခွင့်တောင်းမယ့်နေ့ကျရင် နှင်းဆီနီ တစ်ရာ့ရှစ်ပွင့်တိတိ လက်ဆောင်းပေးကာ ခွင့်တောင်းချင်ပြန် သေးသည်တဲ့။ အဲဒီလပြည့်ဟာ အလွန် စိတ်ကူးယဉ်လှသူလည်း ဖြစ်သည်။ အဲဒါတွေကြောင့်လည်း လီလီ ရှင့်ကို မငြင်းရက်ခဲ့တော့တာ။ မချစ်ပဲမှလည်း မနေနိုင်ခဲ့တာ လပြည့်ရယ်။
လီလီက သူ့ကို ကျီစယ်ချင်သေးသည်မို့…
“လီလီက နှင်းဆီ အပွင့်တစ်ထောင်နဲ့မှ ရှင့်ရဲ့ လက်ထပ်ခွင့်ကို လက်ခံမှာ “
… ဆိုမိတော့
“အဲဒါဆို လီလီက ကိုယ့်ကို ပန်းဆိုင်ပြန်ဖွင့်ပြီး ကျွေးရတော့မှာ”
….တဲ့။
***********
တိမ်ပြာပြာ၊ နေသာနေ့ရဲ့ လမ်းမတွေ ပေါ်မှာ၊ ကားပေါ်မှာ၊ ပန်းခြံတွေမှာ အခါတိုင်းထက် အသွားအလာများ ပျားပန်းခပ်နေလျှက် လီလီကတော့ လီလီတို့ နှစ်ယောက်တည်းသာ ရှိနေတော့သလို ထင်ယောင်နေမိခဲ့တာ ဖြစ်သည်။ ဘုရားပေါ်မှာလည်း သက်ရွယ်တူ လူငယ်ချစ်သူ စုံတွဲတွေ အများသားပေ။ လီလီတို့နှယ်ပင် အင်္ကျီ၊ ဘောင်းဘီ အရောင်၊ ဒီဇိုင်း ဆင်တူတွေနှင့်။ လူလတ်ပိုင်းအရွယ် စုံတွဲတစ်ချို့ကိုလည်း မြင်ရတတ်သေးသည်။ လီလီကတော့ လီလီနှင့် လပြည့်တို့၏ ရဲရဲပပ လင်းဖြာနေသော ဆင်တူအင်္ကျီလေးကို သဘောအကျကြီး ကျနေမိကာ ဘုရားဝတ်ဖြည့်ရတာပင် စိတ်က မငြိမ်ချင်။
လီလီ့အာရုံထဲမှာ ‘လမ်းမခွဲကြေး ကတိစာချုပ်ကလေး’ ကလည်း အချိန် အတော်ကြာ နေရာယူနေခဲ့ဖူးတာ ဖြစ်သည်။ လပြည့်ကို အဲဒီ ဆိုင်ကလေးဆီ ခေါ်သွားရမည်။ ထိုစာချုပ်ကပ်ပြားလေးပေါ်မှာ လီလီတို့နှစ်ယောက် အပြန်အလှန်၊ ၀န်ခံကတိတွေ ထားကြမည်လေ။
ဆိုင်ကလေးဆီ မျှော်လင့်တက်ကြွစွာ လိုက်ပါလာခဲ့သော လပြည့်က…
“ကိုယ်တို့နှစ်ယောက်ရဲ့ အကြိုလက်ထပ်စာချုပ်ကလေးလို စိတ်မှာ ထင်နေတယ်”
လီလီတစ်ယောက် ရင်ခုန်မြန်ရပြန်သည်။ အပြန်အလှန် ကတိစကားတွေနှင့် ကိုယ်စီလက်မှတ် ရေးထိုးအပြီးမှာတော့ လီလီတို့နှစ်ယောက်ဟာ ဟို ယခင်ကာလတွေကထက် ပိုမိုရင်းနှီးစေးကပ်လာခဲ့ပြီဟု ယုံကြည်မိတော့သည်။ ဘာ အကြောင်းကြောင့်မှ မခွဲချင်တော့ပြီ။
**********
ကမ္ဘာဦးအစက အာဒံနှင့် ဧ၀တို့သည် လီလီတို့နှစ်ယောက်အဖြစ် ပြန်ဝင်စားလာကြပါသလားဟု လပြည့် ခွံ့ကျွေးလာသော ချောကလက်ကို မြံ့ဝါးလျှက် တွေးနေမိသေးသည်။ နေဦး..။ ချောကလက်မှာပါတဲ့ ဓါတ်တစ်မျိုးက အချစ်စိတ်ကို နိုးထစေတယ် ဆိုပါလား။ လပြည့်ပဲ ပြောခဲ့ဖူးတာ ဖြစ်သည်။ ဧဒင်ဥယျာဉ် တကယ်ရှိနေလျှင် လပြည့်နှင့်အတူဆို လိုက်ပါရဲသည့် သတ္တိထူးတို့ဖြင့် လီလီတစ်ယောက် မြူးကြွနေခဲ့သည်။
ဒါပေမယ့် ဧဒင်၏ အ၀င်ဝ မုဂ်ဦးသည် လီလီ မျှော်လင့်ထားသည်နှင့် ခြားနားလှကြောင်းကို ချက်ချင်း အသိဝင်သည်။ ပန်းရောင်စုံဖူးပွင့်လျှက် စမ်းချောင်းနံဘေးမှာ တေးသီးနေသော ငှက်ကျေးတို့လည်း ဘယ်မှာ ရှာမတွေ့ပြီ။ အဆောင်ဆောင်၊ အခန်းခန်းဖြင့် မွန်းကျပ်လှောင်အိုက်ချင်စရာ။ အလင်းယဲ့ယဲ့အောက်မှ မှိုင်းပြပြ ဧဒင်သည် လီလီမှတ်ထင်ထားသလို သာယာငြိမ်းချမ်းလျှက် ပျော်ရွှင်ကြည်နူးဖွယ် အတိ ရှိမနေနိုင်ခဲ့ပေ။
သံသယငွေ့ငွေ့ဖြင့် လီလီ့ခြေလှမ်းများ တုန့်နှေးသွားခဲ့တာကို လပြည့်လည်း ရိပ်မိနားလည်နေမှာပဲ။ လီလီ့လက်ကို တွဲဆုတ်ထားတဲ့ လပြည့်ရဲ့ လက်တွေက တင်းကျပ်လာတော့သလို အနေခက်ရပြန်သည်။
ဧဒင်မှာ လီလီတို့ချည်းလည်း မဟုတ်ပါပဲ။ အာဒံ၊ ဧ၀တို့၏ ကိုယ်ပွား၊ ချစ်သူစုံတွဲတွေလည်း အများသားပေ။ ဒါပေမယ့် လီလီ မနှစ်မျို့နိုင်တာက သူတို့၏ မျက်ဝန်းတွေ၊ အပြုံးတွေကို ဖြစ်သည်။ ချစ်ခြင်းတွေနှင့် နွေးမြမြ မိန်းမူးရင်ခုန်ဖွယ် နူးညံ့ရွှန်းလက်နေခဲ့မည် ထင်ခဲ့တာ။ ခုတော့ အလျှံတစ်မျိုးဖြင့် လောင်မြိုက်ကာ ဆူဝေနေကြသည်လား။
လီလီသည် ဧဒင်ဧည့်ခန်းမှာ အရုပ်ကြိုးပြတ် ထိုင်ချလိုက်လျှက် နောင်တဖြင့် ပူပန်စပြုသည်။ ရှက်ရွံ့တုန်လှုပ်လျှက် ပြိုကွဲချင်နေခဲ့ပြီ။
“လီလီ…”
ငိုင်ငိုင်ကလေး ငြိမ်တွေးနေမိလျှက် ပါးပြင်နှင့် နီးးကပ်လွန်းလှသော ထွက်သက်နွေးနွေးကြောင့် ဖြုန်းခနဲ လန့်သွားသည်။
‘လီလီ ငြိမ်လှပါလား။ နေမကောင်းဘူးလား”
“အင်း…”
‘ ခေါင်းမူးလို့လား”
“အိမ်ပြန်ချင်တယ်”
လီလီက အခွင့်ကောင်းကို နင်းလိုက်လျှင် လပြည့်၏ မျက်နှာနုနုက အပျက်ကြီး ပျက်လေသည်။ လီလီ့ကို အဲလို အကြည့်တွေနဲ့ မကြည့်ပါနဲ့ လပြည့်ရယ်။ လီလီ ရှင့်ကို အထင်မသေးချင်ဘူး။ မမုန်းချင်ပါဘူး။
“အိမ်ပြန်ရအောင် လပြည့်ရယ် နော်”
ဘုရားရေ…။ လီလီ လူကဲခပ် မှားတော့မလား မသိ။ လပြည့်၏ နူးညံ့နွေးထွေးခဲ့ဖူးသော မျက်နှာရိပ်မှာ လီလီ တစ်ခါဖူးမျှ မကြုံဆုံခဲ့ဖူးသော သူတစ်စိမ်းတစ်ယောက်၏ အရိပ်တစ်မျိုး ဘယ်အချိန်ကတည်းက ဖြတ်သန်းသွားခဲ့ သလဲ။ နွေးထွေးနူးညံ့ဟန်ဆောင်ထားသော အပြုံးမြမြတို့သည်လည်း လီလီ့အား အလိုလိုက်မည့်ဟန်လည်း စွန်းစမထင်တော့ပေ။ လီလီသည် ထိုခဏငယ်မှာပင် ၀မ်းနည်းလျှက် တပြိုင်နက်မှာ ထိတ်လန့်သည်ထက် ထိန့်လန့်လို့ လာခဲ့တော့ပြီ။
‘’ဒီထိတောင် ရောက်လာပြီးမှကွာ။ ကိုယ် ဂျုစ်တစ်ခုခု သွားယူပေးမယ်လေ။ ခဏနေရင် ကောင်းသွားမှာ…”
လီလီ့ငြင်းဆန်စကားကို ဂရုစိုက်ဖော်မရပဲ ခပ်ပြုံးပြုံးဆိုစကားနှင့်အတူ လပြည့်တစ်ယောက် အပါးမှ ခွာစဉ် လီလီ လှစ်ခနဲ နေရာမှ ထသည်။ နောက်ကြောင်းပြန်ပြေးရန် ခြေဟန်ပြင်လျှက် အပြေး…။ တစ်လှမ်း…။ နှစ်လှမ်း…။
အင့်ခနဲ တစ်စုံတစ်ယောက်နှင့် မုဂ်ဦးအ၀င်ဝမှာ ၀င်တိုက်မိကာ လူက လည်ထွက်သွားရလျှက် ပုံလျှက်သား ပစ်လဲကျသွားရသည် ။ နာကျင်မှုကို အမှုမထားအား။ အားယူကာ ကုန်းထလိုက်ရင်း အနီးသို့ ရောက်လာသည့် အင်အား ကြီးမားပုံရသော တစ်ဖက်လူကို အငြိုးတကြီး မောကြည့်မိလျှင်..။
ဟင်ခနဲ မင်သက်မိလျှက် နေရာမှာ ကျောက်ရုပ်ဖြစ်သွားရသည်။ တစ်ဖက်ကလည်း လီလီအား မြင်တွေ့သွားတော့ကာ အံ့အားတသင့် တုန်လှုပ်လျှက်။
“ဖေဖေ…”
လီလီ့ စိတ်အတွေးထဲက အသံကို ဖေဖေ မကြားနိုင်ပါ။ ဖေဖေ့နံဘေးက မေမေ မဟုတ်သော ဖေဖေ့ ဧ၀မလေးကတော့ လီလီ့တို့ အဖြစ်ကို အနည်းငယ်မျှ ရိပ်စားမိဟန်မတူ။ လီလီ့အား ဖျတ်ခနဲ သာမန်မျှ တစ်ချက်ကြည့်ကာ ဖေဖေ့လက်မောင်းတစ်ဖက်ကို ယီးလေးခိုလျှက် ဧဒင်နန်းဆီ မျှော်မော စိတ်စောနေပြန်တော့သည် လား။
“လီလီ…”
“လီလီ…”
လီလီ နောက်လှည့် မကြည့်ဖြစ်ပါ။ လပြည့်ပဲ ဖြစ်ဖြစ်၊ ဖေဖေပဲ ဖြစ်ဖြစ် ..လီလီ ဂရုမစိုက်ဘူး။ ပြီးတော့ အားလုံးကို လီလီမုန်းသည်။ သူတို့နှင့် အဝေးဆုံးကို လီလီ ပြေးပုန်းပျောက်ကွယ်သွားချင်ပြီ။
အရှိန်ပြင်းပြင်း မောင်းဝင်လာတဲ့ ကားတစ်စီး၏ အရိပ်က မျက်ဝန်းထောင့်မှာ ဖျတ်ခနဲ အရိပ်ထင်ရုံ။ ဒုန်းခနဲ မြည်ဟီးသံက ကျွီခနဲ ဘရိတ်အုပ်သံထက် စက္ကန့်များစွာ နောက်ကျသွားခဲ့ပေါ့ ။ လေထဲမှာ မြောက်တက်သွားသလို အသိမှောင်။ လီလီ့ရဲ့ နောက်ဆုံးအချိန်မှာ ရင်ဘတ်အစုံပေါ် နှင်းဆီပန်းတွေ လာတင်မပေးဖို့ သူတို့အားလုံးကို မှာခဲ့ချင်သေးသည်။ ။
FB မှ ရှယ်လာသော အောက်ပါလင့်ခ်မှ စိတ်ကူးဆန့်မိခြင်း ဖြစ်ပါသည်။ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ နစ်နာထိပါးလိုစိတ် မရှိပါကြောင်း...။
သတိုး
http://www.facebook.com/#!/tin.nwe1
Labels:
ဝတ္ထုတိုများ
ချစ်ခြင်းကို ဖွဲ့ဆိုခဲ့သော
“ဘ၀မှာ အရူးသွပ်၊ အမက်မောဆုံး အလုပ်ကို ပြောပါဆိုလျှင် စာရေးခြင်းဟုသာ ကျွန်မ ပြောရမည်ထင်ပါသည်”
သူမအား လူချင်းမရင်းနှီးခင်၊ အွန်လိုင်း မသုံးတတ်ခင်ကတည်းက မဂ္ဂဇင်းစာမျက်နှာပေါ်မှ သူမ၏ ၀တ္ထုတိုကလေးတွေနှင့် ရင်းနှီးနေနှင့်ခဲ့တာ။ အွန်လိုင်းသုံးတတ်စ၊ အွန်လိုင်းစာမျက်နှာတွေဆီ လျှောက်လည်ဖွရှုပ်ရင်း သူမ၏ စာမျက်နှာဆီ မျက်စေ့လည် ရောက်ခဲ့ဖူးတာ။ နောက်တော့ မကြာခဏ သူမ၏ “မေဇူး၏ စိတ်ကူးအိမ်” စာမျက်နှာဆီ မကြာခဏ အလည်ရောက်ကာ ၀တ္ထုတိုကလေးတွေ ဖတ်ရှုအားပေးဖြစ်ခဲ့ပြန်တာ..။
စိတ်ခံစားမှု မှန်သမျှ စာရွက်များပေါ် သွန်ချရင်း အသက်နှစ်ဆယ် အရွယ်ကပင် မဂ္ဂဇင်းစာမျက်နှာများပေါ်မှာ ပုံနှိပ်မှတ်တမ်းတင်ခြင်း ခံခဲ့ရသော သူမအား ပထမဆုံး မေးဖြစ်သော မေးခွန်းမှာ မဂ္ဂဇင်းစာမျက်နှာပေါ်မှာ သူမ၏စာတွေ ဘာကြောင့် အတွေ့ရနည်းသွားတာလဲ ဟူ၍ပင်။ ဒီမေးခွန်းကို…
“အခြားသော အကြောင်းအရာများစွာတို့ ဦးနှောက်ကို ဖိစီးလာသည့်အခါ ငယ်စဉ်ကလို စာရေးမသွက်တော့ပါ။ ဒီလိုနှင့် ကျွန်မ၏ ၀တ္ထုများ စာမျက်နှာများပေါ်တွင် ကျဲပါးလာခဲ့တော့သည်” လို့ အမှာစာလေးမှာ ဖြေခဲ့ဟန်တူပါသည်။
သူမ၏ ထူးခြားမှုကတော့ တစ်ဖက်သားကို စိတ်ချမ်းသာစေတတ်တာ၊ ထာဝစဉ်ချိုရွှင်သော မျက်နှာထားဖြင့် တက်ကြွရွှင်လန်းလျှက် မည်သူ့ကို မဆို အကူအညီပေးရန် အသင့်ရှိနေတတ်တာပဲ ဖြစ်သည်။ ကြီးမားများပြားလှတဲ့ အလုပ်တာဝန်၊ ၀တ္တရားတွေကြားမှာ ခေါင်းမဖော်နိုင်အောင် နစ်မြုတ်နေသည့်ကြားမှ အခွင့်ရသည်နှင့် လူမှုရေးလုပ်ငန်းတွေမှာ မညည်းမငြူ၊ တက်ကြွရွှင်လန်းစွာ ပါဝင်ရင်း၊ စာပေ၀ါသနာပိုးကလေးကိုလည်း တယုတယမွေးမြူရင်း ၀တ္ထုတို လုံးချင်းစာအုပ်ကလေးတစ်အုပ်ကို သူမ ကြိုးစားဖန်းတီး နိုင်ခဲ့ပြန်ပြီ။ ထပ်တူ ၀မ်းမြောက်မျှော်လင့်မိခဲ့ကြပါသည်။
“ဘတ်ဒေး ဗယ်လင်တိုင်းနှင့် ချစ်ခြင်းဖွဲ့ ၀တ္ထုများ”
…တဲ့။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှာ စတင် ဖြန့်ချီလိုက်သော သူမ၏ ၀တ္ထုတိုများသည် တကယ်ပဲ ဗယ်လင်တိုင်းဒေးနှင့် လိုက်ဖက်ပြေပြစ်စွာ ချစ်ခြင်းများဖြင့် ထုံမွှမ်းနေခဲ့ပါသည်။ မာတိကာမှာ ၀တ္ထုတို (၁၀) ပုဒ်ထဲတွေ့ရတော့ နည်းလိုက်တာဟု အားမလို ၊အားမရ တွေးခဲ့မိသေးသည်။ တကယ်ဖတ်သောအခါ ၀တ္ထုတို တစ်ပုဒ်ချင်းစီသည် လုံးချင်းဝထ္ထုရှည်ကြီးတစ်ပုဒ်စီနှယ်ပင် ရှည်လျားကွေ့ကောက်စွာ သက်ဝင်နစ်မျောရသော ဇာတ်လမ်းရှည်ကြီး တစ်ပုဒ်ပမာ ဖြစ်နေပြန်တော့သည်။
ပထမဆုံး တစ်ပုဒ်မှာ “ဝေးလွင့်လိပ်ပြာ” ။ ဗယ်လင်တိုင်းဒေးနောက်ခံ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်သော်လည်း မာယာမပါ၊ လှည့်ဖျားခြင်းကင်းသော ချစ်ခြင်း၊ ပြီး.. အချစ်နှင့် ဝေးလွင့်ကွေကွင်းရခြင်းဆင်းရဲမှာ အပြုံးမပျက်စတမ်း နားလည်ခွင့်လွှတ်တတ်ကြသော၊ တစ်ဦးအပေါ် တစ်ဦး အလိုက်သိ၊ ဖြည့်ဆည်း ပေးတတ်ကြသော စိတ်နေစရိုက်ကလေးတွေကို ဖတ်ရှုခဲ့ရသည်။ ဂရုဏာဖြင့် မျက်ရည်သီဝေ့ချင်သော်မှ စာရေးသူက နူးညံ့ငြင်သာစွာ စာဖတ်သူအား ထွက်ပေါက်ပေး နှစ်သိမ့်ခဲ့သေးသည်။ စာရေးသူ၏ အောင်မြင်သော ၀တ္ထု၊ ဗွီဒီယိုအဖြစ် အသက်သွင်းခံရသည် အထိ တာသွားခဲ့သော ၀ထ္ထု ဖြစ်မည် ထင်ပါသည်။
ဒုတိယတစ်ပုဒ် “အရိပ်မဲ့ နှလုံးသား” ကတော့ မာနကြီးပြီး ထက်မြက်သော (သို့သော် ဘယ်သူမှ မမြင်သိ၊ နားမလည်နိုင်တဲ့ နှလုံးသားတစ်စုံကတော့ နူးညံ့သိမ်မွေ့စွာ) မိန်းမသားတစ်ယောက် အချစ်၊ ဘ၀မျှော်လင့်ချက်၊ ခံစားချက်ပင်။
“မာနကို ဖက်တွယ်ရင်း ကျန်ရှိတဲ့ ဘ၀တွေကို ငါ ရင်ဆိုင်ရဦးမှာ”
..မာန်တင်းနိုင်ခဲ့တဲ့ မိုးပပက…
ဒိုင်ယာယီရီထဲမှာ သော့ခတ်သိမ်းဆည်းထားသော မျက်ရည်များနှင့်အတူ..
“ကျွန်မဘ၀ရဲ့ နောက်ဆုံး အချိန်လေးမှာပဲ ကျွန်မ အနားကို ‘ကို’ ရောက်လာရင် ကျေနပ်ပါပြီ”
…တဲ့လေ။ ကံဆိုးတာက သူမဘ၀ရဲ့ နောက်ဆုံး အချိန်က တကယ်ပဲ ကျရောက်ခဲ့သည်။ သူမရဲ့ ကို ကရော.. သူမထံ တကယ်ရောက်ခဲ့သလား။
တတိယ တစ်ပုဒ်ဖြစ်သော "ပျောက်ဆုံးသွားသော အချစ်တစ်ခု" ကတော့ နှစ်ထောင့် တစ်ခုနှစ်မှာ ချစ်သူတွေ အဖြစ် လက်တွဲခဲ့ကြသူ၊ အခြေခံ လူတန်းစား ကောင်လေးနှင့် ကောင်မလေးတို့၏ မသိမသာ တဖြည်းဖြည်း ပြောင်းလဲလာသော ခံစားချက်၊ ဘ၀အမြင်၊ လက်ဆောင်၊ တွေးမြင်ဆုံးဖြတ်ပုံတွေကို ၂၀၀၁/ ၂၀၀၂/ ၂၀၀၃/ ၂၀၀၄/ ၂၀၀၅/ ၂၀၀၆/ ၂၀၀၇/ ၂၀၀၈ စသည့်ဖြင့် ခုနှစ်အလိုက် ဆစ်ပိုင်းပုံဖော်သွားသည်မှာ နှစ်သက်ဖွယ် ကောင်းလွန်းလှတော့သည်။
နောက်တစ်ပုဒ်ကတော့ "စတုတ္ထမြောက်အိပ်မက်" ဖြစ်သည်။ အိပ်မက်တွေနှင့် ပတ်သက်လျှင် အစွဲအလန်းကြီးသူ တစ်ယောက်၏ အချစ်၊ ဘ၀၊ ခံစားချက်ကို စိတ်ဝင်စားဖွယ်ရေးဖွဲ့ထားလျှက် အဆုံးသတ်မှာတော့ စာရေးသူက မေးခွန်းတစ်စဖြင့် စာဖတ်သူကို မဆုံးတမ်း အတွေးထွေပြားစေရပြန်တော့သည်။
"လမ်းခွဲ.". ... ။ အံသြသွားသည်။ အချစ်နောက်ခံ မဂ္ဂဇင်း ၀တ္ထုတို တစ်ပုဒ်အတွက် စာရေးသူ၏ အရင်းအနှီးကား ကြီးမားလွန်းသည်ဟု ဆိုချင်သည်။ သူမ၏ အားထုတ်မှုကိုလည်း လေးစားရပါသည်။ စာရေးသူရွေးချယ်သော နောက်ခံမှာ ကျွန်တော်တို့နှင့် မစိမ်းလှသော မြစ်ဝကျွန်းပေါ်၊ ပုဇွန်မွေးမြူရေးကန်များ အကြောင်းဖြစ်သည်။ သို့သော် ကျွန်တော်တို့ သူမလောက် နှိုက်နှိုက်ချွတ်ချွတ် မလေ့လာ မိခဲ့၊ မသိပါ။ စာရေးသူ ဖန်တီးထားသော ဇာတ်ကောင် မိန်းကလေးမှာ M.Sc (Zoogloy ) နှင့် ကျောင်းပြီးသူ၊ နည်းပြဆရာမလုပ်ရန် ရည်ရွယ်စောင့်ဆိုင်းရင်း ပုဇွန်မွေးမြူရေးလုပ်ငန်းမှာ အလုပ်ဝင်ဖြစ်၊ နိုင်ငံခြားပညာတော်သင်အဖြစ် ပင်ပန်းတကြီး၊ နေပူထဲပြေးလွှား ပညာသင်ယူကာ နူးညံ့အေးဆေးသော ရုပ်ရည်နှင့်မလိုက် တက်ကြွလှုပ်ရှားသော၊ ထက်မြက်သော ၊ ကိုယ်စွမ်းကိုယ်စ ရှိသော နာမ၀ိသေသနတို့ဖြင့် ရုပ်လုံးကြွနေပါသည်။ ဇာတ်ကောင်၏ လှုပ်ရှားပြုမူပုံ၊ ခံစားချက်၊ ဆုံးဖြတ်ချက်များမှာ လေးစားနှစ်သက်စရာ....။ လုံးချင်းဝတ္ထုတစ်ပုဒ်အဖြစ် တစိ့်စိမ့် ခံစားဖတ်ရှုချင်စရာ ကောင်းလွန်းလှတော့သည်။
မျက်ရည်ခံ မှဲ့ကလေး ကိုယ်တိုင်ပိုင်ဆိုင်ထားသော်လည်း အစွဲအလန်းမထားချင်သော၊ အယူသီးသူများကိုလည်း ဆန့်ကျင်တော်လှန်ချင်သော အရွဲ့တိုက်ချင်စိတ်နှင့် ကောင်မလေး ‘မေပန်းဖူး’ အကြောင်း “သက်မဲ့ဆူး၏ နှောင်ဖွဲ့ခြင်း”
အသက်အရွယ်၊ အတွေ့အကြုံအရ ခံစားချက်တွေ ပြောင်းလဲခါးသီးလာတတ်တာ..။ ရင်ခုန်စွဲလန်းလှသော ဗယ်လင်တိုင်းဒေးဟာ ခုတော့လည်း…။ ဘတ်ဒေးဗယ်လင်တိုင်း ထဲက ဇာတ်ကောင် အိမ့်သဲပြည့် ကတော့ နေ့စွဲတွေကို မုန်းတယ်…တဲ့လေ။
နောက်… GTI ကျောင်းကြီးနောက်ခံ အတိတ်ပန်းချီ…။
နောက်… အဆင်ခြင်မဲ့ မိုက်မှားကျူးလွန်မှုအတွက် နောင်တတရားက ကျိန်စာသဖွယ်ဖြစ်ကာ ဘ၀တစ်လျှောက်လုံး ခံစားပေးဆပ်နေရရှာသော မေးစိုးသူ ၏ခင်ပွန်း။ သူ့အကြောင်း၊ သူ့ဒဏ်ရာများအတွက် “ကျိန်စာ”
”တွေ့ခွင့်မကြုံ
ဆုံခွင့်မရ
ဘ၀ချင်းပင် ဘယ်လိုဝေးစေဦးတော့
သူ.. ရှိနေသေးတယ်ဆိုတဲ့
အသိလေးနဲ့သာ…”
…ကဗျာလေးနဲ့ သက်မှူးညီညီ ဆိုသော မိန်းခလေး၏ ခရစ်စမတ်နောက်ခံ ဇာတ်လမ်းလေးသည်လည်း ဆွံ့ပျံ့ဖွယ်ရာပင်။
ဝတ္ထုတို (၁၀) ပုဒ်ထဲဟု အားမရချင်သလို ဖြစ်ခဲ့ရသော ဒီဝတ္ထုတိုစု စာအုပ်ကလေးသည် တစ်ပုဒ်ဖတ်ပြီး ခဏနား၊ စဉ်းစားရင်း တွေးတောရင်း၊ ရင်ခုန်စွာ နှစ်သက်မိရင်း အားရကျေနပ်ခဲ့ရပြန်သည်။ ထပ်ဆင်ပြောလိုသေးသည်မှာ ‘လမ်းခွဲ’ ၀တ္ထုတိုပင် ဖြစ်သည်။ ကျွန်တော်တစ်ယောက်တည်း၏ ခံစားချက်အရ ဤစာအုပ်တွင်ပါရှိလာသော ၀တ္ထုတိုအားလုံးအနက် အကောင်းဆုံး ၀တ္ထုတိုဟု သတ်မှတ်ချင်တော့သည်။ ထိုပြင် လမ်းခွဲ ကို တင်ဆက်မှု ပုံစံတစ်မျိုးဖြင့် အားပါးတရ ထပ်မံခံစား အားပေးချင်မိပါသေးသည်။ စာဖတ်သူများလည်း ဖတ်ဖြစ်လျှင် ကျွန်တော်နှင့် အကြိုက်ညီကြမည် ထင်မိပါ၏။
မမေဇူးသည် မအားလပ်သော တာဝန်များကြားမှ ယခုကဲ့သို့သော ထိရှနက်ရှိုင်းသည့် ခံစားမှု တစုံတရာပေးစွမ်းသော ၀တ္ထုတို အသစ်ကလေးတွေ ထပ်မံရေးဖွဲ့လာဦးမည်ဟုလည်း မျှော်လင့်လျှက် ဆက်လက်အားပေးနေပါဦးမည်။ မမေဇူး ဆက်လက်ချီတက် အောင်မြင်ပါစေကြောင်း ဆုမွန်ချွေလျှက်…..
MMG မောင်နှမများနှင့် မမေဇူးသို့ ချစ်ခင်စွာ….
ကိုသတိုး
Labels:
စာအုပ်အညွှန်း
Subscribe to:
Posts (Atom)




