Sunday, November 28, 2010

နွေရိပ်စွန်းစ နေ့လည်ခင်း

*စာသင်ခန်းက ရှေ့လမ်းမနှင့် နီးကပ်လွန်းလှသည်။ အလွန်ဆုံး ရှိလှမှ တစ်ဆယ့်လေး၊ ငါးပေထက် မပိုနိုင်။

*ဒါပေမယ့် လက်လုပ်လက်စား အများစုတို့ မှီတင်းနေထိုင်ကြသော မြို့ငယ်စွန်ဖျား ရပ်ကွက်ကလေး။ ကြုံရာကျပမ်း လုပ်ကိုင်စားသောက်ကြရသော ရပ်ကွက်သူ၊ ရပ်ကွက်သားများ၏ သားသမီး အများစုတို့ အဟန့်မရှိ၊ လွယ်လင့်တကူ ၀င်ချည်ထွက်ချည် ပျားပမ်းခပ်နိုင်ကြသည်။ အပြေးအလွှား ရောက်လာ ပညာသင်ယူနိုင်ပြီး နီးနီးနားနား လမ်းလျှောက်ပြန်လို့ အဆင်ပြေသည်။

*ရဲရဲတင်းတင်းဝင်ထွက်ကာ ရွံ့ရှိန်၊ ရှက်လန့်ရခြင်းကင်းစွာ စာသင်ခန်းထဲမှာ ၀င်ဆန့်နေပျော်ရဲစေခြင်းက ဟိန်းမားသော ``ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်း´´ ဆိုင်းဘုတ်ချိတ်ဆွဲထားခြင်းထက် အကျိုးများ တာသွားစေပါသည်။

*စာသင်ခန်းက ကျဉ်းသယောင် ထင်ရသော်လည်း ကျောင်းသား၊ ကျောင်းသူတွေကတော့ ဘေးချင်းကပ်၊ ပခုံးချင်းချိတ်လျက် တွန်းတွန်းတိုးတိုး မြူးပြရွှင်သွက်နေကြလေ့မြဲသာ။

*ခုတော့ ဒုတိယနှစ်ဝက် စာမေးပွဲကြီးတောင် နီးကပ်လှပေါ့။ ရာသီဥတုကလည်း ဆောင်းနှင်းမမည်၊ နွေမပီပြင်သေးသော စပ်ကူးမတ်ကူးအချိန်မို့ စနေ၊ တနင်္ဂနွေလို နေ့လည်ခင်းစာသင်ချိန်များတွင်တော့ သူတို့တတွေ နွမ်းနေကြသည်။ တချို့က ငုတ်တုတ်ငိုက်နေတတ်သေးသည်မို့ ကြိမ်းမောင်းရတာလည်း ခဏ…ခဏ။ ရှင်းလင်းသင်ပြရင်း သင်ခန်းတွေကြားမှာ ရယ်စရာ၊ မောစရာ ဟာသလေးတွေ ရှာကြံဖန်တီး၊ ယက်ဖောက်ပြောပြရတာလည်း `ကျူရှင်ဆရာမောင်ရွှေရိုး´ ဟု နာမည်ပြောင်းရလောက် ထင့်။

``ကလင်…ကလင်…´´

*နွေနေ့လည်ခင်းတွေတိုင်းကြားရလေ့မြဲဖြစ်သော ရေခဲထုပ်သည်၏ ခေါင်းလောင်းသံကို ဘယ်သူမှ သိသိမှတ်မှတ် မရှိခဲ့ကြပေ။

``ကလင်…ကလင်…´´

*ခေါင်းလောင်းသံက တဖြည်းဖြည်း ဝေးလှမ်းမသွားခဲ့ပဲ စာသင်ခန်းနှင့် အနီးတ၀ိုက်မှာပဲ အစုန်အဆန်၊ တရစ်ဝဲ၀ဲ ရှိနေတော့တာ သေချာလာခဲ့လျှင်တော့ ဆရာရော၊ ကျောင်းသားတွေပါ ရယ်ဟဟ၊ ပြုံးစစပြုကာ လည်ပြန်ငေးမိတော့ပြီ။

*စာသင်ခန်းထဲရှိ ကလေးတွေအားလုံး သူ့ခေါင်းလောင်းသံနောက် စိတ်ဝင်တစားရှိနေကြတာ ရိပ်မိနားလည်သွားရပြီမို့ သူ့ ဈေးခေါ်ပရိုမိုးရှင်း အောင်းမြင်လုပြီဟု ယုံကြည်သွားလေပြီ။ စာသင်ခန်းနှင့် မနီးမဝေး၊ လမ်းမနံဘေးရှိ သစ်ပင်ရိပ်မှာ အမောဖြေ၊ ချွေးသုတ်ရင်း ဆိုင်ခင်းပါတော့သည်။

*စာသင်ခန်းထဲရှိ တချို့သောကျောင်းသားတွေကလည်း သူ့ရေခဲထုပ်ကို စိတ်ဝင်တစား သွေးတောင်းနေပါပြီ။ ရာသီဥတုကလည်း ပူလောင်လောင်၊ အိုက်စပ်စပ် နေ့လည်ခင်းကြီးလေ…။

*တကယ်တော့ ဆရာကလည်း သူ့ကျောင်းသားတွေကို ချက်ချင်း အတန်းလွှတ်ပေးချင်စိတ် ပေါက်လာနေပါပြီ။

*ရေခဲထုပ်သည်ကြီးခမျာ သည်ကျောင်းသား၊ကျောင်းသူ တအုပ်တမကြီးကို ဈေးရောင်းချင် ရှာမှာပဲ။ သည်အုပ်စုနှင့် အရောင်းအ၀ယ်ဖြစ်လျင် သူ…ဒီနေ့အဖို့ အစောကြီး အိမ်ပြန်နားနိုင်ပြီ။

*လက်မှ နာရီဆီ အမှတ်မထင် အကြည့်ရောက်သွားသေးသည်။ ဟင်…စာသင်ချိန်ကဖြင့် တ၀က်တောက်မှ မကျိုးသေးဘူး။

*အကင်းပါးသော ကျောင်းသားတချို့က ဆရာ့သဘောအထာကို နားလည်နေဟန်ဖြင့် သူတို့ဆရာနှုတ်မှ အသာတကြည် ခွင့်ပြုမိန့်ကို စောင့်ဆိုင်းနားစွင့်နေကာ အပြင်သို့ ပြေးထွက်ဖို့ ဖင်တကြွကြွ တာစူလျှက်…။

*ရေခဲထုပ်ဆရာကြီးကလည်း ၀ီရိယ ကောင်းလွန်းလှတယ်။ အတန်းလွှတ်ဖို့က နောက်ထပ် တစ်နာရီလောက် စောင့်ရဦးမှာဗျ။

*နံရံကပ်နာရီဆီ လက်ညိုးညွှန်လျှက် သူတို့ရဲ့ဆရာက ခေါင်းတစ်ချက် ဆတ်ခါလိုက်လျှင်တော့ ကလေးတွေ မျက်နှာကိုယ်စီ ရှုံ့မဲ့သွားကြလျှက် သင်နေလက်စ သင်ခန်းစာဆီ အာရုံပြောင်းလိုက်ကြပါသည်။

``ကင်…ကလင်…ကလင်…´´

*အသံက အပြင်က လွင့်လာတာ မဟုတ်ပါ။ လူကသာ စာသင်နေတာ။ ဆရာ့အာရုံက ကလင်..ကလင်..ခေါင်းလောင်းသံမှာပဲ အာရုံဖြတ်မရနိုင်တော့တာမို့ ထင်မှားကြားယောင် နေမိတော့တာဖြစ်သည်။

*ကျွန်တော့်ကလေးတွေကို အတန်းလွှတ်ပေးဖို့ ဘယ်လိုမှ မဖြစ်နိုင်လို့ပါ ရေခဲထုပ်သည်ကြီးရယ်။ နောက်ထပ်… လေးဆယ့်ငါးမိနစ်လောက် စိတ်ရှည်၊သီးခံပြီး စောင့်ဆိုင်းနေလိုက်ပါဦးနော်။

*ဒါပေမယ့် ပျောက်သွားပြီဟုထင်ရသော ခေါင်းလောင်းသံအစား ရေခဲထုပ်ကြီး၏ နှုတ်မှ သံစဉ် ဗလုံးဗထွေးတချို့ ကျယ်ကျယ်လောင်လောင်၊ လွင့်ပျံလို့ လာပြန်ပြီ။

*နိမ့်မြင့်တက်ကျ ကြားနေရသည်မို့သာ တေးသီချင်းဟု ထင်ရတာ။ စားသားတွေက မည်သည့်ဘာသာစကားဟု ခန့်မှန်းဖို့တောင် မလွယ်။ နှုတ်မှ အသံတချို့ကို ကြုံသလို ထွေးထုပ်နေသလိုပင်။ အမယ်…ရေခဲပုံးကိုတောင် တဘတ်ဘတ်ရိုက်ကာ စည်းဝါးတိုင်ပင် လိုက်နေပြန်သေးတော့။

*သူတို့ဆရာ၏ အမူအရာ ပျော့ပြောင်းနေပုံကို ရိပ်မိနားလည်နေသော နောက်ဆုံးစာသင်ခုံတန်းမှ နှစ်ချို့ကျောင်းသားတချို့က စတင်ကာ ရယ်မောလိုက်ကြသည်။ နောက်တော့ စာသင်ခန်း တစ်ခုလုံး တီးတိုးရယ်မောသံတွေ လွှမ်းသွားတော့သည်။

''ဟေး….´´

*ဆရာက ရုပ်တည်နှင့် ဟန့်လိုက်တော့မှ မျက်နှာပိုးသတ်လိုက်ကြသည်။ ဒါပေမယ့် ဆရာ့ အလစ်စောင့်ကာ လမ်းမဘက်ဆီ ခိုးကြည့် ရယ်မောနေကြတုန်း။

*ဆရာ ကျွဲမြီးတိုစပြုပြီ။ ဒီမှာ စာသင်နေတာ သိသိကြီးနှင့် ခုလို ပြုမူနှောင့်ယှက်ရဲလောက်အောင် အတင့်ရဲလှချည်လား…။ ဒီလူ…နေ့လည်ကြောင်တောင် မူးလာသလား…။

*စာသင်ခန်း ပြူတင်းမှနေ၍ ခါးထောက်လျှက် ခပ်တည်တည် လှမ်းအကဲခပ်လိုက်သည်။ ပုဂ္ဂိုလ်ကတော့ စာသင်ခန်းကို ဘေးတိုက်အနေအထားပြုလျှက် နှုတ်ရော၊ လက်ပါ ရပ်တန့်မနား။ တခါ..တစ်ခါ စာသင်ခန်းဆီ လှစ်ခနဲ မျက်ဝန်းထောင့်ကပ်လျှက် ခိုးကြည့်လာသေးသည် ထင်၏။

*ခပ်စောစောက စိတ်မှာ အရိပ်ထင်ခဲ့သော ရောင်းရပါစေ စေတနာတွေ ကြက်ပျောက်၊ ငှက်ပျောက် လွင့်ပျောက်ကုန်ပြီ။ တနုံ့နုံ့ တရိပ်ရိပ် ဒေါသအလိမ့်လိမ့်ဖြင့် စာသင်ခန်းထဲက ဒေါင်းတလီ၊ မောင်းတလီ ထွက်လာခဲ့လိုက်တော့သည်။

*ကိုရွှေရေခဲက သူ့ထံ ဆရာလှမ်းလာနေတာ လှမ်းတွေ့ကတည်းက သီးချင်းဆိုညည်းခြင်းကို တိခနဲရပ်ကာ ရို့ရို့ကလေးထရပ်လျှက် လက်နှစ်ဖက်ကိုပင် နောက်ပစ်ထားလိုက်သေးသည်။ မှေးရီရီမျက်လုံးများကို အသိမ်မွေ့ဆုံးပြုံးထားကာ…

``ဟဲ…ကျောင်းလွှတ်ချိန်ကလေးကို စောင့်ရောင်းချင်လို့ပါ ဆရာ ´´

*ဒေါသသံမပါဝင်သော်လည်း တင်းတင်းစည်းစည်းဖြစ်စေမည့် စကားလုံးတွေ စိတ်မှာရွေးစီလျှက် ဆရာ့ခမျာ တစ်ကိုယ်တည်း မနိုင်မနင်းဖြစ်နေရှာတုန်း…။ သူ့ထံမှ ချွေးနံ့ရောသော အယ်လ်ကိုဟောအနံ့က စူးပြဲ့ပြဲ့။ ဆရာက မျက်နှာ လွှဲဖယ်လိုက်သော်လည်း မနှစ်မြို့သော အရိပ်အငွေ့ကို သူ… နားလည်သွားဟန် တူပါသည်။

``ဒီနေ့ ဈေးရောင်း မကောင်းလွန်းလို့ပါဆရာရယ်။ ဘယ်လိုဖြစ်နေမှန်းတောင် မသိဘူး..။ စိတ်ညစ်ညစ်ရှိတာနဲ့ သီချင်းအော်ဆိုနေမိတာ…။ ´´
``ခင်ဗျား မူးနေလား…´´
``ခင်ဗျာ…။ အဲ…´´

*ထိန်းထားသည့်ကြားမှ လွှတ်ခနဲ ထွက်အံကျသွားသည်။

``ဟင့်အင်း…။ အဲ..ဟို…ဒီမနက် စထွက်လာကတည်းကပါ ဆရာ။ အိပ်ယာထကတည်းက ကိုယ်တွေလက်တွေ ကိုက်ခဲပြီး ဖျားချင်သလိုလို..ချမ်းစိမ့်စိမ့်ကြီး ဖြစ်လာလို့…။ အဲဒါ..ဈေးရောင်းမထွက်လို့လည်း မဖြစ်တော့ ဆေးမြီးတိုနဲ့ လက်ပူတိုက်ပြီး ထွက်လာခဲ့တာ..ဟဲ….ဟဲ…´´

``ခင်ဗျား ဒီက အတန်းလွှတ်ချိန်ထိ စောင့်နေရင် နောက်ထပ် တစ်နာရီလောက်တော့ ကြာဦးမှာ´´

*ဆရာ့စကားက မဆိုစလောက်မုသားလွှမ်းလျှက်…။ သူကတော့ ….

``ခင်ဗျာ…´´

*ဖျတ်ခနဲ မျက်နှာပျက်သွားကာ သူ့ရေခဲပုံးကို ဆတ်ခနဲ ယောင်မှားဖွင့်လိုက်သေးသည်။

``ကျွန်တော်က အဲလောက်စောင့်ရဦးမယ် မထင်မိဘူး။ ဒီဘက်တွေလည်း တစ်ခါမှ မရောက်ဖူးသေးဘူးလေ။ ခါတိုင်းက ဟိုးဘက်ခြမ်းမှာပဲ အဆင်ပြေနေတာကိုး..။ ဒီနေ့တော့ လက်ကျန်များနေတာနဲ့ အိမ်တစ်အိမ်က ညွှန်လိုက်လို့ ရောက်လာတာ။ အဲလိုမှန်းသိရင် စောင့်မနေပါဘူးဗျာ…´´

*တဖျစ်တောက်တောက် တစ်ကိုယ်တည်း ညည်တွားရေရွတ်နေရင်း သူ့ ချည်ဦးထုပ် နွမ်းညစ်ညစ်ကို ကောက်ဆောင်းလိုက်သည်။ ဖင်ခုထိုင်ထားသော ရာဘာဘိနပ်ပါး နောက်မြီးတိုကလေးကို အလျင်စလို ကောက်စီးလိုက်သည်။ ရေခဲပုံးကလေးကို ကတိုက်ကရိုက်ဖြင့် ကောက်လွယ်မည့်ဟန်ပြင်နေပြီ။

``အီး…စောင့်နေလို့ဖြစ်တော့ပါဘူးဆရာရယ်။ အချိန်မီကလေး ပြေးဦးမှ..။ ဆရာ့အတန်းလွှတ်ချိန်ထိ စောင့်ရောင်းနေရင် ကျွန်တော့်ကိစ္စတွေ အရည်ပျော်နေလောက်ပြီ´´

*ပြောပြောပြေးပြေး ပြုတော့မည့်ဟန်ကြောင့်…

``နေပါဦးဗျ´´

*ဆရာနှုတ်က အလျှင်စလို ဟန့်တားလိုက်မိတော့သည်။

``အဲလို အရည်ပျော်သွားရင် လက်ကားသမားဆီ ပြန်သွင်းလို့ မရဘူးလား´´

*သည်တစ်ကြိမ် စိတ်အနှောင့်အယှက်ဖြစ်သွားရသူက ရေခဲထုပ်သည်ကြီးပဲ ဖြစ်လိမ့်မည်။ ဈေးရောင်းမကုန်လို့ စိတ်မော၊ လူမောရတဲ့ ကြားထဲ ဒီဆရာ စပ်စပ်စုစု…။

``အရင် ယူရောင်းဖူးတဲ့ ဒိုင်ကတော့ ရတယ် ဆရာရဲ့။ ခု..ဒိုင်ပြောင်းယူလိုက်တာ။ သူက ကော်မရှင်ခ ပိုပေးတယ်။ ရောင်းမကုန်တာ လက်မခံဘူး။ ကျွန်တော်ကတော့ နေ့တိုင်းရောင်းကုန်ပါတယ်။ ကုန်အောင်လည်း လျှောက်ရတာပေါ့ဗျာ။ ရောင်းအားလျော့ရင် အမြတ်လျော့။ အမြတ်လျော့တော့ ပါးစပ်ခြောက်တာပေါ့…´´

*ဆရာထံမှ ပြောစရာစကားလုံးတွေ ပျောက်ဆုံးနေဆဲ..

``ဒီလိုပဲ ဆရာရေ့ ။ ကျွန်တော်ကတော့ စားစရာမရှိရင်၊ မတွေးတတ်၊ မကြံတတ်တော့အောင် စိတ်ညစ်လာရင် ခုလိုပဲ..။ သီချင်းတွေ အော်ဆိုနေလိုက်တာပဲ…။အိမ်မှာဆို မိန်းမက ဆန်မရှိတော့ဘူးဆိုလည်း ကျွန်တော်ကတော့ သီချင်းအော်ဆိုနေလိုက်တာပဲ။ ဘာလိုပြန်ပြီပြောလာလည်း သီချင်းဆိုပြလိုက်တာပဲ...
....အိမ်က ကလေးတွေလည်း ညဉ်ကောင်းကြသားဗျ။ ကျွန်တော့်အကြောင်းသိနေတော့ သူတို့အဖေ သီချင်းသံကြားရင် ဘာတစ်ခုမှ မပူဆာကြတော့ဘူး။ ဗိုက်ဆာလို့လည်း ငိုမတောင်းဘူး။ မနေနိုင်တဲ့အဆုံး အဖေနဲ့ သီချင်းသံပြိုင် လိုက်ဆိုနေကြတာပဲ...´´

*စာသင်ခန်းအတွင်းမှ လှမ်းငေး၊ အကဲခတ်နေကြသော ကျောင်းသားကြီးတစ်ယောက်က ဆရာလက်လှမ်းအပြမှာ ချက်ချင်းအနားသို့ ပြေးရောက်လာပါသည်။

``လူစေ့အောင်ဝေပေးလိုက်။ တစ်ယောက်မှ နေရာက မထစေနဲ့ ။ မင်းကိုယ်တိုင် တစ်ယောက်ချင်းလိုက်ဝေ ပေးလိုက်´´

*ရေခဲထုပ်ဆရာကြီးကတော့ ၀မ်းသာအားရဖြင့် ပုံးနံဘေးအပေါက်မှ ရေတွေကို ဖေါက်ထုတ်နေပါသည်။

``၀ှူး..ခုမှပဲ ရင်ထဲမှာ ခုနေတဲ့ ခဲလုံကြီး ပြုတ်ကျသွားသလိုပဲ။ စိတ်ရော၊ လူရော..ပေါ့သွားတာပဲ။ ၀မ်းသာလိုက်တာ ဆရာရယ်။ အဲ..ကျေးဇူးပါ ဆရာရယ်..´´

*ဆရာက မျက်ခုံးနှစ်ဘက် ညို့ပြုံးပြုလျက်…

``နောက်…စနေ၊ တနင်္ဂနွေတိုင်း ကျောင်းဆင်းချိန်မှ လာ။ အဲ..ခင်ဗျားရေခဲတွေ အရည်မပျော်အောင်လည်း ဂရုစိုက်လိုက်ပါဦး´´

*ရေခဲထုပ်ဝေနေရာ စာသင်ခန်းအတွင်းမှ ဟေးခနဲ ၀မ်းမြောက်အူးမြူးသံတွေ ခပ်အုပ်အုပ် ဟိန်းညံလွင့်ပျံလာသည်။ ။

သတိုး

Saturday, November 27, 2010

မင်းသား တော့ မင်းသား

သင်ခန်းစာ အသစ်တစ်ခု သင်ကြားရန် စာသင်ခန်းသို့ဝင်မည်ပြင်တိုင်း ကျွန်တော့်ခေါင်းထဲမှာ မေးခွန်းငယ်လေးတွေ ပလုံစီထနေတတ်သည်။ ကျွန်တော်က တစ်ခွန်းမေးတိုင်း သူတို့တွေက ညီညာဖြဖြ တက်ကြွရွှင်ပြစွာ ပြန်လည်ဖြေဆိုကြမည်။ မေးရင်း၊ ပြန်ဖြေရင်း....ချဲ့ထွင်ရှင်းလင်းရင်းဖြင့် သင်ခန်းစာအသစ်ကို သူတို့တတွေနှင့် မိတ်ဆက်ရင်းနှီးပြီးသား ဖြစ်စေရမည်။

ဝှိုက်ဘုတ်မှာ ရေးခြစ်ရှင်းလင်း၊သင်ပြနေချိန်မှာတောင် ကျွန်တော် ..သူတို့တတွေကို ကျောခိုင်းမနေခဲ့ပေ။ စာတစ်ကြောင်း ရေးမည်ပြင်တိုင်း နောက်လှည့်ကာ သဘောဆန္ဒခံယူသလို မေးမြန်းမပျက်။ ဆွေးနွေးမြဲလျှက်....။

ထိုကဲ့သို့သော အချိန်မျိုးမှာ ခေါင်းကြီးအောက်ငုံ့ကာ တကုတ်ကုတ်အလုပ်ရှုပ်နေတတ်လျှင် သီးခံမည်မဟုတ်ပါ။ စာသင်ခန်း အပြင်ဘက်ဆီငေးမျှော်ကာ စိတ်ရွက်လှေ လေမှလွင့်နေသော ကျောင်းသား မရှိစေရ။ အချင်းချင်း အချက်ပြလျှက် တိတ်တခိုး ရယ်ပွဲဖွဲ့နေတတ်သူများကြပ်ကြပ်သတိထားကြ...။

သံပြိုင်ညီညီ မောင်းကုန်တင်၊ အော်ဟစ်နေသူ ကျောင်းသားများကြားမှာ နှုတ်ဆိတ်ငြိမ်ငေး နေသူတွေ့လျှင်...

``မင်းတို့တစ်ဆွေမျိုးလုံးအကြောင်း ရာဇ၀င်အူပေါက်လျှောက်လိုက်မေးမှာစိုးလို့ အိမ်က နှုတ်ပိတ်လွှတ်လိုက်သလား´´

ဖြစ်ကတတ်ဆန်း၊ ညစ်ပတ်ပေရေ လက်ရေးများတွေ့လျှင်...

``လက်ရေးက ဆိုးလိုက်တာကွာ။ ရုပ်နဲ့လိုက်အောင် ရေးထားတာလား။ ဟုတ်လား..။ ဒါပေမယ့် မင်းလက်ရေးက မင်းသောက်ကျင့်ကို ဖေါ်ပြနေတယ်ကွ။ ကြုံသလို၊ ဖြစ်သလို၊ ဖရိုဖရဲ...´´

နှုတ်တစ်လှည့်၊ တုတ်တစ်လှည့်ဆူဆဲမွှေနှောက်နေသည့်ကြားကပင် သင်းတို့တတွေက အပြုံးမပျက်ကြသောအခါ ကိုယ့်မှာသာ ဝေဒနာတိုးရလေသည်။

စာသင်ခန်းထဲမှာ ဆူပူမြည်တွန်ကာ ပြန်ထွက်လာရတိုင်း သင်းတို့၏ မျက်နှာငယ်တွေက တရစ်ဝဲ၀ဲ။ ပြစ်မှုနှင့်ပြစ်ဒဏ် မျှတခဲ့ရဲ့လား..ဟုလည်း ကိုယ့်ကိုယ် မေးနေမိပြန်တာ အခါခါ။ အတွေးမေးခွန်း တို့ က ဦးခေါင်းကို အကြိမ်ကြိမ် ထုနှက်နေသလိုထင်သည်။ နားထင်နှစ်ဘက်ဆီမှာတဒိတ်ဒိတ်သွေးတိုးခုန်စ ပြုပြီ။

ကလေးတွေကို မဆူချင်၊မရိုက်ချင်တော့ဘူး။

ဒါပေမယ့် အဲလိုမှ မလုပ်လျှင် ဆယ်တန်းကျောင်းသား သင်းတို့တတွေက အတင့်ရဲ လာကြတော့မှာ...။ ဘာသာရပ်အပေါ်မှာ လေးနက်မှုတွေ လျော့ရဲလာကြတော့မှာ။ နောက်ဆုံးတော့ တစ်နှစ်လုံး အားခဲလာခဲ့ရသမျှ ခြေချော်၊လက်ချော်ဆိုတဲ့ စကားတစ်ခွန်းနဲ့ပဲ သဲထဲရေသွန် ဖြစ်သွားတော့မှာလေ...။

အင်း.....

မနေ့ညနေကတင် ဆူဆဲခဲ့ရသေးသော ကျောင်းသားသုံးယောက် မ၀ံ့တ၀ံ့ အပြုံးရိပ်ရိပ်ဖြင့် အနားကပ်လာကြသည်။ မေးတစ်ချက်ဆတ်ပြလျှင် ကိုယ့်ကိုရို့ကိုင်းကာ....

``ဟို...ဒီညနေ ဆရာကန်တော့ပွဲ လုပ်ကြမလို့ဆရာ။ အဲဒါ ဆရာ့ကို လာဖိတ်တာပါ...´´

လွန်ခဲ့သော သုံးလေးရက်ခန့်ကကတည်းက သင်းတို့တတွေ တိုးတိုးကျိတ်ကျိတ် တွတ်ထိုးနေခဲ့ကြတာ ရိပ်မိနေခဲ့သားပင်။ ဒါပေမယ့် ယခုကိစ္စနှင့် ဆက်စပ်မစဉ်းစားမိခဲ့။ ခုမှ... ရုတ်တရက်ကြီး....

ညနေ...ဆရာ ကန်တော့ပွဲတက်ရန် တိုက်ပုံမလိုပါ။

ဒါပေမယ့်...မျက်နှာဖုံးတစ်ခုလောက် လိုချင်သည်။ ။



သတိုး

Tuesday, November 23, 2010

အရိပ် ၀င်္ကပါ

နိဒါန်း(၁)

Yadanarး Hi အစ်ကို

Zawyanlay09း မင်္ဂလာပါ ညီမလေး

Yadanarး လိုင်းပေါ် အစောကြီးရောက်နေပါလား

Zawyanlay09း အင်း

Yadanarး အစ်ကို့ စာမျက်နှာမှာ ပို့စ်အသစ် မတွေ့တာကြာပြီ

Zawyanlay09 အင်း၊ မတင်ဖြစ်ဘူး။ ရေးစရာလည်း မကျန်တော့ဘူး…ဟီး

Yadanarး သူများတွေ semi-biography လေးတွေရေးနေကြတာ…

Zawyanlay09း အင်း..စိုးမိုးတို့၊ ကိုရီးတို့…၊သူတို့ရေးထားတာလေးတွေ

ဖတ်လို့ကောင်းတယ်။

Yadanarး ဆရာကျောင်းလည်း ပုသိမ်တက္ကသိုလ် ကျောင်းသားဘ၀ကို

နောက်ကြောင်းပြန် နေတယ် ။အစ်ကိုလည်း ရေးပေါ့

Zawyanlay09း ရေးချင်သေးဘူး

Yadanarး ဒါဆို အစ်ကိုတို့နေတဲ့ မြို့အကြောင်းရေး….

Zawyanlay09း အောင်မြေ က ကိုယ်တို့လို ဇာတိသားတွေအတွက်သာ

လှပစွဲမက်ချင်စရာကောင်းမှာပေါ့။

တခြားသူတွေအတွက်တော့

အစွန်အဖျားက မြို့သေးမွှားလေးပဲ

Yadanarး အဲတော့ ဘာဖြစ်လဲ

Zawyanlay09း စိတ်ဝင်စားစရာ မကောင်းနိုင်ဘူး

Yadanarး ကောင်းမှာပါ။ ညီမတော့

အောင်မြေအကြောင်းစိတ်ဝင်စားတယ်

Zawyanlay09း ဟုတ်လား

Yadanarး အောင်မြေကို ညီမ ငယ်ငယ်ကတည်းက သိနေတာ။

ဖေဖေက ရန်ကုန်-အောင်မြေ ဧရာဝတီသင်္ဘောနဲ့ အစုန်အဆန်

လိုက်စီးနေတာလေ

Zawyanlay09း သင်္ဘောသားလား

Yadanarး လွဲတယ်။ အ၀ယ်တော်..

အောင်မြေက ဈေးဆိုင်ကြီးတွေအတွက်

ရန်ကုန်မှာ ကုန်တွေဝယ်ပေးရတာလေ

Zawyanlay09း ပေါက်ပါပြီ

Yadanarး ဖေဖေကလေ

အောင်မြေမှာ အတိတ်ဇာတ်လမ်းတွေ ရှိခဲ့ဖူးသေးတယ်။ သိလား

Zawyanlay09း ညီမလေး။ နောက်နေ့မှ ဆက်ပြောတော့နော်။ ဘိုင့်….





နိဒါန်း(၂)

Yadanarး အစ်ကိုက အောင်မြေ ဇာတိလား

Zawyanlay09း Yes

Yadanarး မွေးကတည်းက ဒီနေ့ထိ အောင်မြေမှာပဲ နေနေတာပေါ့

Zawyanlay09း ဟုတ်ပ ခင်ဗျား

Yadanarး ဒါဆို တစ်ခုမေးချင်လို့

Zawyanlay09း မေး

Yadanarး နာမည်တစ်ခုပါ။ သော်မော်သက်ဝေတဲ့။

အသက်က ......

အင်း….ဆယ့်ငါး၊ ဆယ့်ခြောက်လောက် တော့ ရှိပြီထင်တယ်။

Zawyanlay09း သူ့ပုံပန်းသဏ္ဍန်ကရော…..

Yadanarး သိဘူး

Zawyanlay09း ဘယ်လို

Yadanarး သော်မော့်ကို ညီမ မမြင်ဖူးဘူး..ဟီး

သူ့အမေနာမည်တော့ သိတယ်။

နေဦး…ဒေါ်ခင်ခင်ယု တဲ့

Zawyanlay09း ……………..

Yadanarး အဲဒီနာမည်မျိုးနဲ့ ကောင်လေးတစ်ယောက်ကို

အစ်ကို ကူညီစုံစမ်းပေးလို့ ရနိုင်မလားဟင်

Zawyanlay09း (ဟင့်)အင်း

Yadanarး အစ်ကို

အရမ်း အရေးကြီးလို့ပါဆို

Zawyanlay09း အင်းပါ

Yadanarး အစ်ကို တကယ်စုံစမ်းပေးမှာလား

Zawyanlay09း အင်းးးးးးး

Yadanarး တကယ်နော် အစ်ကို။ ကျေးဇူး….


*************


အရိပ်(၁)
ဇော်ရန်လေး

ဒီရက်တွေထဲမှာ online ပေါ်တက်ရန် တွန့်ဆုတ်တွေဝေ နေရပါသည်။ Gtalk ဘောက်စ်ကို ဖွင့်ထားခဲလှသော သူသည် မေးလ်ဘောက်စ်ကို အလျှင်စလို ဖွင့်စစ်။ ပြီးတာနှင့် ချက်ချင်းပိတ်ချပစ်မိသွားပါသည်။ ဒါပေမယ့် chat box ပွင့်လာခဲ့သည်နှင့်…

Yadanarး အစ်ကို

သူ အတော်စိတ်ကျဉ်းကျပ်ရပါသည်။ပိုဆိုးတာက သူစိတ်ညစ်၊ စိတ်ရှုပ် နေရပါကြောင်းကို ဘယ်သူ့ကိုမှ ရင်ဖွင့်ပြောပြဖို့ မဖြစ်နိုင်ခြင်းပင်။

“ဟေး…မင်းဆက်ပြောနေရင် ငါ block လိုက်တော့မယ်”

အဲလိုဗြောင်ဖွင့်ပြောပြီး ရက်ရက်စက်စက် မပြုမူရက်ပြန်တော့……

Zawyanlay09း အေး…ညီမလေး ပြော
Yadanarး သိပြီလား
Zawyanlay09း ဘာကိုလဲ
Yadanarး ကျွတ်..သော်မော့် အကြောင်းလေ
Zawyanlay09း ဟင့်အင်း။ သိရင်ပြောမယ်လေ
Yadanarး မြန်မြန်လေး အစ်ကို..ဟီး ...အားလည်းနာတယ်

သူ…web page တွေအားလုံးကို logout လုပ်ကာ lineပေါ်မှ ဆင်းထွက်ခဲ့လိုက်တော့သည်။







online မှာ သူ...အကောင့်ဖွင့်ကာ ကိုယ်ပိုင်ဘလော့ဂ် စာမျက်နှာ ကလေး တစ်ခု စလုပ်စဉ်ကတည်းက သူ့ထံဝင်ထွက်၊ လည်ပတ်ကာ ပို့စ်တွေဖတ်ပေး၊ ကွန်မန့်တွေရေးပေးကြသော ညီအစ်ကို၊မောင်နှမ အစုအဝေးလေး ရှိနေခဲ့တာ နေပျော်ကျေနပ်စရာ ကောင်းလှသည်။

နောက်တော့ personal massage တွေ အပြန်အလှန် ပေးပို့ကြရင်း၊ chat box ထဲမှာမကြာခဏတွေ့ဆုံ စကားပြောဖြစ်ကြရင်း အသက်အရွယ်၊ အသားအရောင်၊ ရေမြေဒေသ ခွဲခြားမသိနိုင်ပါပဲ ရင်းနှီးစေးကပ်၊ အကျွမ်းတ၀င်ရှိလာခဲ့ ကြတော့တာ။

“ညလေးရဲ့ သူငယ်ချင်းတစ်ယောက်က အစ်ကို့ စာမျက်နှာကို အရမ်းသဘောကျ နေတယ်။”

ဂျပန်မှာ ကျောင်းတက်နေသည်ဆိုသော “သော်တာ” ၏ အပြောကို....

“သူလည်း ဂျပန်က ပဲလား”
“ဟင့်အင်း၊ ရန်ကုန်က...”
“............”
“အစ်ကို home page မှာ သူ ကွန်မန့်ဝင်ရေးသွားတယ်လေ။ပျိုသက်ဝေ..ဆိုတာ”
“အင်း..တွေ့မိတယ် ထင်တယ်”
“အစ်ကိုယ့်ကို သူ...လှမ်း addလိမ့်မယ်။ လက်ခံပေးလိုက်ဦး”

သည်စဉ်ကတည်းက ပျိုသက်ဝေ၏ စာမျက်နှာဆီ သူအလည်ရောက် ခဲ့ဖူးသေးသည်။ စာ၊ကဗျာ၊ ဓါတ်ပုံကလေးတွေ စုံလင်ဝေဆာစွာဖြင့် ချစ်စဖွယ်လှပသော pyo”s site ကလေးပဲ။

“ခြေရာလေးတော့ ချန်ထားခဲ့စေချင်”

...တဲ့။ သူ...ပြုံးဖြစ်ရကာ.....

“ချစ်စဖွယ် စာမျက်နှာလေးဆီ အလည်ရောက်ခဲ့ပါသည် ခင်ဗျား”

...ဟု ကောမန့်ရေးဖြစ်ခဲ့သေးသည်။







နေ့လည်ပိုင်းထမင်းပို့ရောက်လာခဲ့သော ခရု၏ မျက်နှာမရွှင်ပြ လှတာ သူ…ရိပ်မိသလိုတော့ ရှိခဲ့သားပင်။

“နင် ဘာဖြစ်နေတာလဲ”

ခရုက ပျက်ယွင်းလှသော ညှိုးမျက်နှာကို ချက်ချင်းချိုရွှင်လျှက်….

“အဟင်း…နေပူကြီးထဲ လာရတာကိုးဟဲ့။ ဖိုးသားကိုလည်းစိတ်တိုနေတာ။ သူသာဆိုရင် ဒီခရီးကို ဆိုင်ကယ်လေး ၀ူးခနဲ..ဆို ခဏလေးနဲ့ရောက်ပြီ”
“အိမ်မှာ ဖိုးသားမရှိဘူးလား”
“အိပ်ယာနိုးကတည်းက သူငယ်ချင်းတွေလာခေါ်လို့ ဆိုပြီး ပါသွားတာ။ လက်ဘက်ရည်ဆိုင်မှာ ကျောက်ချနေမှာပေါ့။ ထမင်းပို့ချိန်အမီ ပြန်လာခဲ့ဖို့ သေချာမှာလိုက်ရက်နဲ့ ပြန်မလာဘူး။ နင်လည်းပြောဦး”

ခုမှ ဆယ်တန်းစာမေးပွဲဖြေပြီးစ ဖိုးသားကို သူမပြောချင်ပါ။ သူ့ခမျာ.. တစ်နှစ်တာပတ်လုံး ကျောင်းစာနှင့် နပမ်းလုံးနေခဲ့ရတာ။ ပင်ပမ်းတကြီး ဘ၀မှ ခုမှ လွတ်မြောက်စပြုရုံ ရှိသေးတာဖြစ်သည်။ စိတ်အပမ်းလေးပြေအောင် တလွတ်တလပ် နေခွင့်ရသလောက် နေပါစေတော့။

“နင့် အင်တာနက်ဆိုင်မှာ ခေါ်ထားမယ်ဆို…”
“အင်..ခေါ်မှာပေါ့ဟာ။ သူအလုပ်မ၀င်ခင်လေး ပေါ့ပေါ့ပါးပါးနေစေချင်သေးလို့ပါ”

ခရုထံမှ မျက်စောင်းနုနု လွင့်ခနဲ။

“ဒါပေမယ့် လေတဲ့ဘက်ကို အရမ်းသာယာသွားတော့မှ အလုပ်ထဲ စိတ်မ၀င်စား။ ခိုင်းမကောင်းပဲနေဦးမယ်”
“ဖိုးသားက အဲလောက်လည်း ဆိုးမနေပါဘူး ခရုရာ။ နင်က သူများထက်ကို ပိုလိုက်ရမှ”
“ပိုတယ်လေ။ ငါက သူ့အမေကိုး ဟဲ့။တစ်နေကုနလျှောက်သွား၊ လည်ပတ်ပျော်ပါးပြီး ဘယ်နား…ဘာဖြစ်မလဲ ပူမိတာပဲ။ အလုပ်ကလေးပေးထားတော့ စိတ်ကလေးလည်း တည်တည်ငြိမ်ငြိမ်၊ ခြေလည်းငြိမ်ရော….”
“..................”
“နင်..သိပ်အလိုမလိုက်နေနဲ့”
“ဟာ…ငါပဲအပြစ်”
“အပြစ်ပေါ့။ ဖိုးသားက ဦးလေးကို သူငယ်ချင်းပေါင်း ပေါင်းပြီး ဗိုလ်ကျနေကျ။ အဲဒါ နင်အလိုလိုက်ထားလို့ပေါ့။ နင်လည်း သတိသာထား။ အကြောင်းဟဲ့ဆို…ငါက ငိုဖို့ပဲသိတာ။ အားလုံး နင့်ခေါင်းပေါ်မှာပဲလို့မှတ်ထားလိုက်”
“ကြောက်နေရပါလား။ ငါက ခေါင်းမာပါတယ် အစ်မရဲ့”

ခရုကတော့ ရယ်မောခြင်းကင်းစွာ……

“ညနေ…အိမ်ခဏပြန်လာဦး။ နင်နဲ့ တိုင်ပင်စရာရှိတယ်”

ချာခနဲလှည့်ပြန်သွားလေသည်။







မခရု…..
ကျွန်မရဲ့ စာကို ဆုံးအောင်ဖတ်ပေးဖို့ အနူးအညွတ်တောင်းပန်ပါတယ်နော်။

ကျွန်မ…ရတနာသက်ဝေပါ။ ဦးသက်ဝေရဲ့ သမီးပါ။

မခရုတို့သားအမိကို ကျွန်မ စုံစမ်းရှာဖွေနေခဲ့တာ အချိန်ကြာပါပြီ။ ခုမှ အောင်မြေက အစ်ကိုတစ်ယာက်နဲ့ အွန်လိုင်းပေါ်မှာ အဆက်အသွယ်ရလို့သာ မခရုတို့ အောင်မြေမှာ ရှိနေဆဲဆိုတာ သိရတာ။မခရုတို့ လိပ်စာ…သူပို့ပေးလို့ ကျွန်မ
အရမ်းဝမ်းသာကျေးဇူးတင်ရပါသေးတယ်။

ကျွန်မ…သော်မော့်ကို အရမ်းတွေ့ဖူးချင်နေတာ။ ကျွန်မထက် ပိုဆိုးတာက ဖေဖေပေါ့။ ဖေဖေ့အကြောင်းကို မခရုသိချင်မှာ မဟုတ်ပေမယ့် သီးခံပြီးဖတ်ပါဦးနော်။

ဖေဖေကအခု အစာအိမ် ကင်ဆာနဲ့ သေရမယ့်ရက်ကို စောင့်ဆိုင်းနေရတဲ့ အခြေအနေပါ မခရု။သူမသေခင် အပြင်းပြဆုံး ဆန္ဒကတော့ သော်မော်ကို တွေ့သွားချင်တာပါ။

ဖြစ်နိုင်ရင်တော့ သော်မော့်ကို ကျွန်မတို့ဆီ ပို့ပေးစေချင်ပါတယ် မခရု။

ဒီလိုမှ မဟုတ်ရင်လည်း ရတနာကိုယ်တိုင် အောင်မြေအရောက်လာပြီး သော်မော့်ကို လာခေါ်နိုင်ပါတယ်။

အဓိက ကတော့ မခရုက သော်မော့်ရဲ့အုပ်ထိန်းသူ မိခင်တစ်ယောက် အနေနဲ့ ခွင့်တောင်းတာပါ။ ခွင့်ပြုပေးဖို့လည်း တောင်းပန်ပါတယ် မခရု။

ရတနာဆီ စာပြန်ရေးပါနော်။


ရတနာသက်ဝေ



စာရွက်ကို ပြန်ခေါက်ရင်း ခရုထံ အကြည်လွှဲဖယ် ခေါင်းငုံ့ထားမိသည်။ ခရု၏မျက်နှာ ဘယ်လိုရှိနေမလဲ။ သိချင်ပေမယ့် ကြည့်ဖို့မရဲပါ။

သေချာတာကတော့ ရတနာသက်ဝေထံ ခရု၏လိပ်စာကို မတိုင်မပင် ပေးလိုက်သူဟာ သူကိုယ်တိုင်ဆိုတာ ခရုရိပ်မိနေလောက်ပြီ ဆိုတာပင်။စိတ်မဆိုးပါနဲ့ ခရုရယ်။

“နင်...ငါ့ကိုလည်း မတိုင်ပင်ဘူး”

ခရု ရုတ်တရက် ငိုချလိုက်သောကြောင့် သူ...ပြာသွားရပါသည်။

“ဟာ...ခရု၊ မငိုပါနဲ့ဟာ။ နင်ကလည်း...”
“နင့်လုပ်ရပ်ကကောင်းလား”

မစဲတမ်းမျက်ရည်တွေ မနိုင်မနင်းကြားမှ ရန်တွေ့နေသေးသည်။

“ဖိုးသားအတွက်တော့ ကောင်းမယ်ထင်လို့ပါ ခရုရယ်”
“ဘာကောင်းမှာလဲ။ အဲဒီလူဟာ ငါတို့အားလုံးအတွက် တစ်စက်တောင် မကောင်းခဲ့တာ.. .။ ဖိုးသားကို ကျမှ ထူးပြီး ကောင်းလာလိမ့်မယ်လို့ ငါမယုံဘူး”

ခရု၏ စိတ်နေမှန်ကို ရတနာသည်လည်း တင်ကြိုနားလည် ခန့်မှန်း တတ်နိုင်ပုံ ရှိပါသည်။

“အဲဒီ မခရုက သော်မော်ကို လွှတ်ပေးပါ့မလား။ အစ်ကို ဘယ်လိုထင်လဲ”

....ဟု မေးခဲ့ဖူးသေးသည်။

“ကိုယ် ဘယ်သိနိုင်ပါ့မလဲ။ သူများမိသားစုအရေးကို..”
“အစ်ကို့ကို အတော်များများ ပြောထားပြီးပြီလေ။”

ဒီလောက်များများ ..ပြောလာသည်မို့လည်း ခရု၏ လိပ်စာကို သူ..စွန့်စွန့်စားစား ပေးလိုက်မိတော့တာ ဖြစ်လေသည်။
တကယ်က ရတနာပြောပြလာသော အကြောင်းအရာများသည် သူတို့ရင်ဆိုင်ကြုံဆုံ၊ ခံစားခဲ့ရသမျှ၏ တစ်စိတ်တစ်ပိုင်း ၊ အဝေးကြည့်အမြင်မျှသာ ဖြစ်ပါသည်။

ဒါပေမယ့် နာမည်သိရုံ(ထိုနာမည်ကလည်း မှတ်ပုံတင်ထဲက အတိုင်း ဖြစ်ရမည်ဟု မည်သူမှ အာမမခံနိုင်ပါ။) သူစိမ်းသာသာ လူတစ်ယောက်ကို မိသားစု အတွင်းရေးတွေ လှစ်ဟပြောပြနေမိတာ ရတနာ ကိုယ်တိုင် သတိထားမိရဲ့လား။

သော်မော့်အကြောင်း သတင်းရင်းမြစ်ရစေနိုင်သည့် တစ်ခုတည်းသော ကောက်ရိုးမျှင် အဖြစ် သူ့အား ...အားကိုးမိသွားသော ကြောင့်သာ ဖြစ်ပါသည်။ အခွင့်သာလျှင်တော့ သူကလည်း ခရုအား ၀ိုင်းဝန်းတိုက်တွန်း၊ တောင်းပန်နေမိသည်ချည်းပင်။

“သော်မော့်ကို ပေးလွှတ်လိုက်ပါ ခရုရယ်။ သူ့ခမျာလည်း အဖမဲ့ဘ၀နဲ့ တစ်သက်လုံး စိတ်မလုံမခြုံ နေခဲ့ရတာ မဟုတ်လား။ သူ့အဖေ သက်ရှိထင်ရှား ရှိနေသေးတာ သိရင် သူလည်းတွေ့ချင်ရှာမှာပဲ”

ခရုကတော့ ရပ်တည်ချက်ခိုင်မာစွာ ...ပြတ်သားငြင်းဆန်မှု မလျော့။

“ဟွန်း...သူ့အမေ၊ ငါ့ဘ၀ကျတော့ရော...။အဲဒီအကြောင်းအရာတွေ အစပြန်ဖော်ပေးပြီး သိမ်ငယ်နေစေချင်လို့လား”

ခရုပြောတာလည်း သူ့နေရာကကြည့်တော့ ဟုတ်နေသည်ပင်။ အခုကိုပင် မှိန်တစ်ခါ၊ ပျောက်တစ်လှည့် အတိတ်၏ ရိပ်မဲက ခရုအား ခြောက်လှန့််နေဆဲ မဟုတ်လား။


**********

အရိပ်(၂)
ခရု(ခ) ခင်ခင်ယု

အဲသည်စဉ်တုန်းကတော့ ခင်ခင်ယုဆိုတာ နုံချာသောဘ၀နျင့် မတန်မရာ...နုနယ်လှပလွန်းသော ကောင်မလေးပေါ့။ အသိတရားကျတော့ သူမ၏ အလှတရားနှင့် ပြောင်းပြန်အချိုးကျကာ တခါတရံ မိုက်ရူးရဲဆန်ချင် သေးသည်.။

ခရု ရှစ်တန်းအောင်သောနှစ်မှာ အဖေဆုံးပါသည်။ ရိုးအေးသော အိမ်ရှင်မအဖြစ် တသက်လုံး သိမ်းထုတ်သေချာခဲ့သော မေမေခမျာ လက်တို..ငါးရိုးမျက် အခြေဆိုက်ကာ မလုပ်တတ်၊မကိုင်တတ်။ စုဆောင်ထားခဲ့သမျှ ငွေဖြစ်လွယ်မည်ထင်တာ လေးတွေ ထုခွဲရောင်းချရင်း တတိတိလုံးပါးပါးခဲ့ပြီ။

ခရု ဆယ်တန်းတက်မည့်နှစ်မှာတော့….

“ခရု ကျောင်းထွက်တော့မယ် အမေ”
“ဟင်…ညည်းဘာစကားပြောတာလဲ”

အမေကသာ တားမြစ်မည့်ဟန် ပြင်နေတာ။ ခရုကဖြင့် အခိုင်အမာ ဆုံးဖြတ်ချက် ချပြီးနေပြီ။

အမေ့သဘောကတော့ ဘယ်လောက်ပဲ ဆင်းရဲမွဲတေနေပါစေ။ သားသမီး အားလုံးကို ပညာကိုယ်စီ တတ်စေချင်သေးသည်။ ခရုလည်း ပညာကို လိုချင်ရ ကောင်းမှန်းတော့ သိသားပေါ့။

ဒါပေမယ့်…ဆင်ရဲချို့တဲ့သော ဘ၀မှာခံနိုင်အား မရှိ။ လှပကြော့မော့စွာ၊ သက်တောင့်သက်သာနေရမည် ဆိုလျှင်ဖြင့် ပညာကို ဒုက္ခခံ သင်ယူမနေလိုပြီ

ခရုအောက်မှာပဲ မောင်နှမသုံးယောက်ရှိသေးသည်။ ချိုဇင်ယုက ခုနစ်တန်း။ ဇော်မင်းယုက ငါးတန်းဖြစ်သည်။ အငယ်ဆုံး ဇော်ရန်လေးကတော့ ဒီနှစ် သုံးတန်းတက်ရမှာ ဖြစ်သည်။ မောင်၊ညီမတွေအတွက် အနစ်နာခံ ဖြည့်ဆည်းပေးရန် မိမိမှာ တာဝန်ရှိသည်ဟုလည်း ခရုက ခံယူထားပါသည်။

“ခရု..အဝေးကြီးသွားမှာ မဟုတ်ပါဘူး အမေရယ်။ အိမ်ရှေ့မှာပဲ အဖီကလေးဆက်ဆွဲပြီး အိမ်ဆိုင်ကလေးဖွင့်ကြမယ်”

ခွင့်တောင်း၊တိုင်ပင်ခြင်းမမည်သော အသိပေးကြေငြာမှုပြုပြီး ချက်ချင်း အကောင်အထည်ဖေါ်ခဲ့တော့သည်။ ခရုတို့ သားအမိတတွေ၏ ဈေးဆိုင်ကလေးက ဈေးဝယ်သူများဖြင့် တစ်နေ့လုံး ၀င်လာမစဲ။ ခရုက ဈေးသည်တို့ တတ်အပ်သော ပီယ၀ါစာအပြင် မူယာ၊မာယာလေးတွေလည်း အပိုပေးတတ်သေးသူဖြစ်သည်။

ခရု အလှပြင်လွန်းတာ၊ ဈေးဝယ်သူ ပုရိသတွေနှင့် ရောနှောလွန်းတာ အမေကြည့်မရ၊ ဘ၀င်မကျနိုင်ပါ။ ဒါပေမယ့် အမေ့သြဇာ အရာထင်တော့နိုင်။

“ခရု သိပါတယ်အမေရယ်”

ကိုယ်တိုင်ဦးဆောင်နေရသော အိမ်ထောင်စုအတွင်းမှာ ခရု မာန်တက်နေ တတ်တာ လွန်မှားသည်ဟု မည်သူဆိုဝံ့သနည်း။





“ခရုရေ…၊မအိတို့ဆိုင်မှာ အဆင်ဆန်းလေးတွေ အသစ်ရောက်လာတယ်တဲ့။ တို့သွားရွေးထားရအောင်”
“ဟင့်…ခရုမ၀ယ်နိုင်သေးပါဘူး”

နှုတ်ကသာ ပြောနေဖြစ်သော်လည်း လူကတော့ ကလျာ့နောက်လိုက်ရန် အဆင်သင့်ဖြစ်နေပြီ။

ကလျာနောက်လိုက်ပါ၊လမ်းထွက်ခြင်းကိုလည်း အမေက မကြိုက်ပြန်ပါတဲ့။

ကလျာတို့က ခရုလမ်းထဲမှာ ရှားရှားပါးပါး၊ တစ်လုံးတည်းသော နှစ်ထပ်တိုက်လှလှလေးနှင့် နေထိုင်ကြသူများဖြစ်သည်။ တရားမ၀င် လောင်းကစားမျိုးစုံ ရှိတတ်သောကြောင့်လည်း တိုက်အိမ်ကလေးက လူအများ၏ဂရုတစိုက် စောင့်ကြည့်မှုကို ခံရပါသည်။ ကလျာတို့အိမ်မှာ ယောက်ျားဧည့်သည် အရွယ်စုံတို့ ၀င်ထွက်သွားလာ တတ်သည်။ ကလျာတို့ ညီအစ်မတတွေ ကလည်း ရောက်လာသမျှသော ဧည့်သည်တို့ နှင့် ရောနှောလုံးထွေး နေတတ်လွန်းလှတာ။

“လူ…လူချင်းပေါင်းတာပဲ အမေရယ်”
“မိခရု…၊ငါက ညည်းအမေပါ။ ညည်းထက်ပိုသိလို့ပြောနေတာ။ လူချင်းပေါင်ရာက တော်ကြာ အကျင့်တွေပါ ကူးစက်လာတော့မှာ ငါကြိုမြင်လို့ပြောနေတာ”

ခရုကတော့ ပိုနေမြဲ၊ ကျားနေမြဲ သာပင်။ ကလျာနှင့် လမ်းထွက်ရခြင်းကို ခရုရင်ခုန် စွဲမက်နေခဲ့ပြီ။ ညီအစ်မတတွေ အများကြီးရှိပါလျှက် မီးဖိုးချောင်ဝင်ရန် အချောင်ခို၊တွက်ကပ် နေတတ်ကြကာ တစ်ဆိုင်ဝင်၊ တစ်ဆိုင်ထွက်..၀င်ထွက်ပြီး ၀မ်းမီးငြိမ်းအောင်၏ ဖြေရှင်း နိုင်စွမ်းသော ကလျာတို့၏ အပူပင်မဲ့ဘ၀မျိုး ရချင်စမ်းပါဘိ။

တခါတရံ…

“ငါ သိပ်မကြိုက်လို့ မ၀တ်တော့တာ ကြာပြီ ခရုရဲ့။ နင်ယူလိုက်…”

စွန့်ကျဲသူရဲ့ သဒ္ဒါကြည်ဖြူ စွန့်လွှတ်မှုက မတောင်းတာလှသော်လည်း ခရုအတွက်ကျတော့ ကျေးဇူးအန န္တတင်ချင်စရာ။ အဲတော့ ကလျာမို့ အပြင်ခေါ်လျှင် ခရုက ရှိတဲ့အလုပ်ကလေးတွေ အမေနှင့် ပစ်ထားရစ်ခဲ့ကာ ပျာပျာသလဲ၊တက်ကြွရွှင်လန်း နေမိတော့တာပင်။

“ဟယ်…ဦးသက်ဝေ”
“အော်..ကလျာတို့၊ ဈေးလာဝယ်ကြတာလား”
“ဟုတ်”
“အချိန်ရသေးတယ် မဟုတ်လား။ ဆီချက် သွားစားကြရအောင်”

ရှက်ရွံ့တုန့်ဆိုင်းမှု တစိုးတစေ့မျှ ကလျာ့မျက်နှာပေါ်မှာ ရှိမနေပါ။ ခရုကလည်း ကလျာ့ထက် မလျော့သော မျက်နှာကို ပင့်ချီထားလျက်ပင်။

“ဦးသက်ဝေကြီး…လျှံနေတယ်ပေါ့”
“ဟား..ဟား…ဒီလိုပါပဲဟာ”
“ဒိုင်မလျှိုပါနဲ့နော်။ မနေ့ညက ဦးသက်ဝေကြီးတစ်ယောက်တည်း တစ်ဝိုင်းလုံးသိမ်း သွားတာ ကလျာတို့သိပါတယ်”
“ဟား….ဟား….”

ရယ်မောနေသော မျက်ဝန်းများက ခရုထံ တရစ်ဝဲ၀ဲ…။

ဆီချက်ခေါက်ဆွဲဆိုင်ရာက်တော့ ခရုနှင့် သူ့ကို ကလျာက မိတ်ဆက်ပေးလေသည်။

ထိုနေ့ အိမ်အပြန်လမ်းမှာ…
.
“အဲဒီ ဦးသက်ဝေက အရမ်းခင်ဖို့ကောင်းတယ်ဟ၊ သူရောက်လာရင် ငါတို့ အရမ်းပျော်တာ”
“ကလျာတို့ဆီ အမြဲရောက်လာနေကျလား”
“အင်း..သင်္ဘောပေါ်က ဆင်းတာနဲ့ရောက်လာနေကျပဲ။ သူနိုင်တဲ့နေ့တွေဆို မုန့်တွေဝယ်ကျွေး၊ လက်ဆောင်တွေ ၀ယ်ပေးနဲ့…”

ကလျာ့ စကားတို့က မစားရ၊ ၀ခမန်း။

“အမြဲတမ်း နိုင်နေတာပဲလား”
“လောင်းကစားပါဆိုမှ အမြဲတော့ နိုင်ပါ့မလား..ဟဲ့။ အဲ..သူရှုံးရင်တော့ စိတ်ညစ်စရာ ကောင်းပြန်ရော ဆရာ။ မူးမူးယစ်ယစ်.. သူမှအစစ်။ တွေ့သမျှလူတွေကို လိုက်ရစ်နေတော့တာ…”
နောက်နှစ်ရက်အကြာ သူ…ကလျာတို့အိမ်သို့ရောက်လာစဉ်.. ခရုတို့ဆိုင်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပြန်သည်။ ကွမ်းယာဖိုး နှစ်ရာကို တစ်ထောင်တန်ထုပ်ပေးလာတာမို့…ခရုက လောကွတ်ကလေးဖြင့်…...

“ယူသွားလိုက်ပါ။ နောက်ကြုံမှပဲ…”

သူက…
“ကိုယ်က မယုံရဘူးနော်။ ကိုယ့်ကို သိလို့လား”

ခရု ရုတ်တရက် မခံချင်စိတ် ဖြစ်မိသွားကာ…..

“အံမယ်…သိပါတယ်နော်…ဦးသက်ဝေ”

သူက ဟက်ခနဲ သဘောတကျ ရယ်မောလိုက်ပြန်လေသည်။





“သူ့မှာ သားကြီး၊မယားကြီးရီတယ်တဲ့ ခရုရဲ့။ ညည်း ငရဲ မကြောက်ဘူးလား”

အမေ တဖျစ်တောက်တောက် မြည်တွန်၊ဆူပူနေစဉ်ကတော့…..

“တရားဝင် ကွာရှင်းထားပြီးသားတဲ့ အမေရဲ့”

ခရု၏ ၀င့်ဝါသော အပြုံးများက အရောင်မပြယ်ခဲ့ပါပေ။

“အဲဒါလည်း သူ့အပြောပဲ ရှိတာ။ ဒီလောက်ကလေးနဲ့ ယုံစရာလား။ အိုအေ… ကွာရှင်းပြီးသား ဆိုလည်း ငါ့သမီးလေးကို သင်းလို အသိုက်ပျကလာတဲ့ တခုလတ်ကောင်နဲ့သဘောမတူနိုင်ပါဘူး”
“……………………”

သြဇာမတည်နိုင်သော သမီးကို ချော့တစ်ခါ၊ ချောက်တစ်လှည့်… လျှော့ရင်း၊ တင်းရင်း …အမေ အချိန်တွေဖြုန်းခဲ့မိ လေသလား။

“ညည်း…ရပ်တန်းက ရပ်တော့ ခရု”

တစ်ချက်လွှတ် တားမြစ်မည်ပြင်မိချိန်မှာ အရမ်းကို နှောင်းလွန်၊ နောက်ကျနေခဲ့ပြီ။ ခရုက ဦးခေါင်းကို အပြင်းအထန် ရမ်းခါငြင်းဆန်းလိုက်မိလျှင်တော့….

“ဘာ…ဒါ..ဘာသဘောလဲ။ ညည်းက ငါ့ကို အာခံတာပေါ့၊ ဟုတ်လား မိခရု”

ဟင့်အင်း..အမေရယ်။ ခရုတို့ အခြေအနေက ရပ်တန့်ဖို့၊ နောက်ဆုတ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့လို့ပါ။ သည်းသည်းထန်ထန် ရှိုက်ငင်ငို ကြွေးနေမိသော ခရု၏ သွင်ပြင်မူယာထူးခြားမှုကို အမေချက်ချင်း ရိပ်မိ နားလည် သွားရကာ ရင်ဘတ်စည်တီးလေတော့သည်။

“ခရု…။ညည်း….ညည်း…ငါ့ကို မှန်မှန်ပြောစမ်း။”

ခရုမှာ ပြောစရာ စကားမရှိတော့ပါ။သွန်ကျနေသော ခရုရဲ့ မျက်ရည်တွေကို အမေနားလည်တယ် မဟုတ်လား။

“ငါ..အတန်တန် ပြောနေတဲ့ကြားက…..မိုက်မဲလိုက်တာခရုရယ်။ ငါတော့ ရှက်လို့ သေတော့မယ်။”
“ခရု….ခရုတို့ ဘာဆက်လုပ်ကြမလဲအမေ”

အမေ ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ငြိမ်ငေးသွားပါသည်။ ခဏအကြာ….

“သူက ဘာပြောလဲ……”

သူပြောခဲ့သော တာဝန်မဲ့စကားတွေကို အမေကျေနပ်နိုင်မည် မထင်ပါ။ ဒါပေမယ့် သည်တစ်ကြိမ်တော့ တိုင်တည်အားထားရာအဖြစ် အမေ့ကိုသာ ပြောရတော့မည်။ ပြီး..အမေ့စကားအတိုင်း…..

“အမေကပြောနေတယ်။ ဦးနဲ့တွေ့ချင်လို့တဲ့”
“အမ်…ဘာအတွက်လဲ”

အံ့သြဟန်ဖြင့် တမင်ရယ်ဟဟ၊ နှုတ်ခန်းတွန့်များကို ခရုမုန်းတီးချင်ခဲ့ပြီ။ သို့သော်…သူ့ရင်ညွန့်ဆီ လောက်သာ မှန်းဆချိန်ရွယ်ကာမျက်စောင်းတစ်စင်း ပစ်လွှတ်ရင်း….

“ခရုတို့ ကိစ္စတိုင်ပင်ချင်လို့တဲ့”

လှိုက်လှဲတက်ကြွဟန်တွေ မတွေ့ရသေးသမျှ ခရု စိတ်ပူပန်ရပြီ။

“လိုက်တွေ့လိုက်ပါ ဦးရယ်နော်။ အိမ်မှာ ယောက်ျားရယ်လို့လည်း မားမားမတ်မတ် မရှိတော့ အမေက…သင့်တော်တဲ့သူ ဆိုရင် ခရုကို နေရာချထားပေးချင်ပြီ။ ပြီးတော့…ပြီးတော့….”

ခရု..မျက်နှာကို ငုံ့ဝှက်ထားကာ….

“ခရုကလည်း..ဦးနဲ့ တူတူနေချင်ပြီ”

…ဇွတ်မှိတ်ပြောချလိုက်တော့သည်။

မလွှဲကင်းသာသော အခြေအနေမှာ သူ..အမေအား လိုက်တွေ့ဖြစ်ခဲ့ လျှင်တော့….

“ဒေါ်ဒေါ်တို့ အခြေအနေက မင်းသိတဲ့အတိုင်းပဲ ကိုသက်ဝေ။ မိန်းခလေးရှင်ရယ်လို့တူတူတန်တန်တောင်းဆိုပိုင်ခွင့်လည်း တို့တတွေမှာ မရှိပါဘူး။”

အမေက မျက်တောင် တဖျတ်ဖျတ်ခတ်ကာ မျက်ရည်တွေကို ခါထုတ်ပစ်နေသည်။

“မင်းဘက်က နီးစပ်ရာ လူကြီး လေး၊ငါး၊ဆယ်ယောက်လောက်နဲ့ မိသား၊ဖသားပီပီ လာတောင်းရမ်းပြီး အသိမှတ်ပြုကြရုံပါပဲ”

အမေ့ ဟန်ပန်၊ လေသံတို့ကိုမှ ငြင်းဆန်ဦးမည်ဆိုလျှင် သူ့လောက် ရိုင်းပြနိမ့်ကျသောသူ ရှိနိုင်ဦးမည် မထင်။ သူလည်း သိနားလည်နှင့်နေပုံရကာ ခေါင်းညိတ်ရပြန်တော့လျှင်…ခရုတို့ သားအမိနှစ်ယောက် တစ်ယောက်မျက်နှာ၊ တစ်ယောက်ကြည့်ကာ ပင့်သက်ပြိုင်တူကြိတ်ရှိုက်ကြရသည်။





ရတနာသက်ဝေထံမှ သော်မော်အား စေလွှတ်ပေးရန်ဒုတိယမြောက် တောင်းပန်စာ ရောက်လာခဲ့ပြန်လျှင်ခရုတစ်ယောက် ဆုံးဖြတ်မနိုင်၊ တွေဝေခက်ခဲရ ပြန်တော့သည်။

တကယ်တမ်းမှာတော့ ရတနာသက်ဝေတို့သားအမိကို ခရုက မုန်းတီးနေခဲ့တာ မဟုတ်ပါ။ မုန်းချင်းမုန်း ကြကြေး ဆိုလျှင်တောင် သူတို့ကသာ ခရုအား မုန်းမျက်နာကျင်နေကြရဖို့ရှိသည်။ ခရုကသာ သူတို့၏ အသိုက်အမြုံကို ဖျက်ဆီးမိသလို ဖြစ်ခဲ့ရတာမဟုတ်လား။

``ဟိုသားအမိက ညည်းကိုမေတ္တာပို့လိမ့်မယ်´´

ဦးသက်ဝေ၏ တာဝန်မကျေမှုများ၊ ခရုအပေါ် နိုင်လိုမင်းထက် နှိပ်စက်ကလူ ပြုမှုများ၊အမေ့အား မထေမဲ့မြင် အပြုအမူတို့ဖြင့်စိတ်ဆင်းရဲစေခဲ့ခြင်းများ... အကြိမ်ကြိမ်၊ မရေတွက်နိုင်အောင်ရှိလာခဲ့လျှင်တော့ ထိုစကားဖြင့် ခရုကို
တပြန်နှိပ်စက်လေ့မြဲ။

``တို့တတွေ ဟိုသားအမိရဲ့ မေတ္တာ စူးနေတာ´´

သူကိုယ်တိုင် ယူကြုံးမရ ရှိနေတတ်ပြန်သည်။ အမေနဲ့ ခရုတို့ .....အငယ်တွေ မသိအောင် ကြိတ်ငိုကြရတာလည်း အကြိမ်ကြိမ်။

တကယ်တမ်းမှာ ဦးသက်ဝေက အလျှင်အိမ်ထောင်နှင့် အပြီးအပြတ် ကွာရှင်းပြီးစီးခြင်းမရှိသေးတာ သော်မော်သက်ဝေကို မွေးဖွားအပြီး တစ်လခန့်ကြာလေမှ ခရုသိခဲ့ရတာဖြစ်ပါသည်။

ရတနာသက်ဝေ၏မိခင် ဒေါ်သွင်သွင်စိုးထံမှ သူမ၏လက်မှတ် ထိုးပြီးသား ကွာရှင်းစာချုပ်ကို အမှတ်မထင် မြင်တွေ့ရလေလျှင်…

``ဦး…ဒါ…ဒါက…´´
``ကွာရှင်းစာချုပ်လေ…´´

သူက မူမပျက်၊သွေးအေးစွာ…။

``ရက်စွဲတွေက သိပ်မကြာသေး…´´
``ဟုတ်တယ်လေ…။ ပြီးခဲ့တဲ့ တစ်ပတ်ကမှ ငါလက်မှတ်ထိုးပေးဖို့ဆိုပြီး လူကြုံတစ်ယောက်နဲ့ ထည့်ပေးလိုက်တာ´´

အမေပြောဖူးသော ငရဲဆိုတာကို ထိုအချိန်မှာ အကြောက်ကြီး ကြောက်နေမိ တော့တာ ဖြစ်သည်။

``ဦးပြောတော့ အစောကြီးကတည်းက ကွာရှင်းထားပြီးသားဆို…´´

သူ..ညစ်ကျယ်စွာ ပြုံးလေလျှင်…

``လူယုတ်မာ´´
ပြောရလျှင်တော့ ထိုအချိန်ကစလို့ ခရုတို့၏ အိမ်ထောင်ရေး မသာယာ တော့တာ ဖြစ်သည်။

``ရှင် ၀ဋ်မလည်ပါစေနဲ့….´´

ခရုက နာကျည်းစွာ ကျိန်ဆဲတတ်လာခဲ့သောအခါ သူဘက်က လည်း ကဲကဲဆတ်၊ မခံရပ်နိုင်စွာ တုန့်ပြန်ရိုင်စိုင်းတတ် ခဲ့ပြန်တော့သည်။


***********

အရိပ်(၃)
ရတနာသက်ဝေ

yadanar; အဲဒီမခရုနဲ့ ဖေဖေနဲ့ ဘယ်လောက်ကြာကြာပေါင်းသင်းခဲ့သလဲ အစ်ကိုသိလား
Zawyanlay09း သော်မော် ကျောင်းစတက်တဲ့နှစ်ထိဆိုတော့ (၅)နှစ်ဝန်းကျင်ပေါ့။
yadanar; မခရုက နောက်အိမ်ထောင်သစ် ထူသေးလား

Zawyanlay09း ဟင့်အင်း
yadanar; အစ်ကိုနဲ့ တွေ့တာ ညီမကံကောင်းတယ်
Zawyanlay09း why?
yadanar; ဖေဖေနဲ့ မခရုအကြောင်းကို အများကြီးသိအောင်
အချိန်တိုကလေးနဲ့ အစ်ကိုလုပ်နိုင်ခဲ့တာပဲ
Zawyanlay09း ကိုယ်အလုပ်ကလေးတွေလုပ်လိုက်ချင်သေးတယ်။ နောက်မှပဲ…
yadanar; ခဏလေးနေပါဦး အစ်ကိုရဲ့။ ဟို…သော်မော်ကို ရတနာတို့
ဆီလွှတ်ပေးဖို့ အစ်ကိုပြောပေးနိုင်မလားဟင်..
Zawyanlay09း ပြောပေးချင်ပါတယ်။ ဒါပေမယ့် ကိုယ်တို့ချင်းမရင်းနှီးကြဘူးလေ။
တော်ကြာ သူတို့နောက်ကြောင်းကို ကိုယ်ကသိနေတယ်လို့
ပြောသလိုကြီးဖြစ်နေမှာပေါ့
yadanar; သော်မော့်ကို ပြောရင်ရော
Zawyanlay09း တူတူပဲ။ သော်မော်နဲ့ ကိုယ်နဲ့က
အသက်ချင်း ခုနစ်နှစ်လောက်ကွာမယ်။
ထင်တာပြောတာ။ မရင်းနှီးလှဘူး။
ကိုယ် လိုင်းပေါ်ကထွက်ချင်ပြီကွာ..
yadanar; ဟေးအစ်ကို ထွက်မသွားနဲ့ဦး။ ရတနာပြောတာ နားထောင်ပေးပါဦး။
ရတနာ တွေးမိတာကလေ…
ရတနာကိုယ်တိုင် အောင်မြေကိုလာပြီး
မခရုကိုပြောရင် ဘယ်လိုနေမလဲဟင်။
ဟာ..အစ်ကို။
ဒီမှာ ပြောနေတုန်းကို ဇွတ်ကြီးထွက်သွားရလားကွ။
ခင်ဗျား လူဇိုးပဲ






သူမ၏အတွေးတွင် အောင်မြေက တစ်ချိန်လုံးနေရာယူ၊ နှောက်ယှက်နေခဲ့ပါသည်။ စိတ်အလိုအတိုင်းဆိုလျှင်တော့ သူမ အောင်မြေအရောက် ကိုယ်တိုင်လိုက်သွား ချင်လှပြီ။ မေမေ့ထံ ခွင့်တောင်းမိတော့…

``သမီးရဲ့ဘ၀မှာ ဘာတစ်ခုမှ မလိုအပ်အောင်၊ မေမေတစ်ယောက်တည်းနဲ့ပြည့်စုံအောင် သမီးတစ်သက် မေမေ ကြိုးစားဖြည့်ဆည်းပေးခဲ့တာ သမီးနားလည်ရဲ့လား´´

``ဟုတ်…မေမေ´´
``သေပြီလို့ပြောထားရက်နဲ့ ညည်းအဖေကို တွေ့အောင်ရှာလာနိုင်သေးတယ်။ ခုတစ်ခါအဆွယ်အပွားတွေ ပါလာပြန်ပြီ။ ညည်း…သူတို့နဲ့ ကင်းအောင်နေလို့ မရတော့ဘူးလား။ ပြောစမ်းပါ ရတနာရဲ့´´
``ခုဟာက ဖေဖေအတွက်ပါ မေမေ။ ဖေဖေက သူ့သားကို အရမ်းတွေ့ချင် နေရှာတာ´´
“တွေ့ချင်ရင် ကိုယ်တိုင် သွားတွေ့ပါစေလေ။ ညည်းကသံခင်းတမန်ခင်းဝင်လုပ် ပေးမနေနဲ့``

မေမေ ဒေါမာန်တကြီးအော်ဟစ်လေတော့သည်။

``မေမေ…၊ဖေဖေက ယဲ့ယဲ့ကလေးရယ်လေ´´
``အဲဒီယဲ့ယဲ့ကလေးက ဒီဘက်နှစ်တွေမှာ ထဖြစ်တာလေ။ သူ့မိုက်ကြွေးတွေနဲ့ သူ…ပြန်ခံစားရတာ။´´
``………………………..´´
``ညည်းမေးကြည့်လိုက်ပါလား…ညည်းအဖေကို။ သူပစ်ထားခဲ့တဲ့ ဆယ်နှစ်လုံးမှာ ဘာတွေလုပ်နေခဲ့သလဲလို့။ အဲဒီတုန်းကတော့ဒေါင်ဒေါင်မြည်ကျန်းမာရေးဆိုတော့ ရွာစဉ်လှည့်ပြီး…..မပြောလိုက်ချင်ဘူး´´

မေမေ့ ပြောစကားတွေက မှန်ကန်လွန်းလှတာ ငြင်းမရပါ။ ဒါပေမယ့် ရတနာကတော့ ဖေဖေ့ ဆန္ဒကို ဖြည့်စွမ်းပေးချင်သော စိတ်ကမလျော့။

``မီးစာကုန်၊ဆီခမ်းဘ၀ ရောက်မှ သားမှန်း၊ သမီးမှန်း သိတတ်နေလိုက်တာ။ ဟိုကလည်း ဒါတွေတွေးမိလို့ ကလေးကို မလွှတ်တာရှိမှာပေါ့။ ညည်းတစ်ယောက်ပဲ ဓါးခုတ်ရာ လက်ဝင်လျှိုချင်တာ´´
``…………………´´
``ညည်းအဖေ သေကောင်ပေါင်းလဲဖြစ်နေရပါတယ် ဆိုလို့ ညည်းကို ပေးလွှတ်နေတာ။ ငါခံစားခဲ့ရတာ ဘယ်သူမှမသိပဲ ဇာတ်သိမ်းချိန်ရောက်မှ လူဆိုးမဖြစ်ချင်လို့။ ရှင်းလား…။….ညည်း ငါမသိအောင် ခိုးသွားနေလည်း ငါလိုက်မကြည့်နိုင်တဲ့ ဘ၀မို့လေ´´
``ရတနာက မေမေမလွှတ်ပဲ မသွားပါဘူး´´
``အေး..ဒါဆို ငါမလွှတ်ဘူး။ ဘယ့်နှယ်တော်…တစ်ခါမှ မရောက်ဖူးတဲ့ မြစ်ကူးချောင်ခြား ခရီးကို…´´
``ခု…ကားလမ်းပေါက်နေပြီ မေမေရဲ့´´
``မိရတနာ..´´
မေမေ ပေါက်ကွဲစွာ အသံကုန်ဟစ်လိုက်လေလျှင် ရတနာ ဆတ်ခနဲ တုန်လှုပ်လျှက် ငြိမ်တိတ်နေရတော့သည်။

``ညည်း…ညည်းအဖေအရင် ငါသေတာကို ကြည့်ချင်နေလား။ ဟုတ်လား…´´

မေမေသောက်နေကျ သွေးကျဆေးပုလင်း အပြေးအလွှားရှာဖွေရတော့သည်။





မေမေနှင့်မခရုတို့ကတော့ ကိုယ်တိုင်နာကျင်ခံစားခဲ့ရသူများမို့ သူတို့၏ ဥပက္ခာကို အပြစ်မဖွဲ့လိုပါ။

ဒါပေမယ့် ရတနာ့အဖို့မှာတော့ ဖခင်ဆိုတာ တစ်သက်တာလုံး၊ ဘ၀နှင့်အမျှ လစ်ဟာတောင့်တ နေခဲ့ရသော ကွက်လပ်တစ်ခုဖြစ်သည်။

ဖေဖေနှင့် နေခွင့်ရချိန်ကို ခဏငယ်လေးပဲဖြစ်ပစေ…ရတနာမက်မော ပါသေးသည်။ ဒါကြောင့်လည်း..ဖေဖေ့ကို အသက်ရှည်နိုင်သမျှ ရှည်စေချင်သည်။

သော်မော်သည်လည်း ရတနာ့လိုပင် ရှိလိမ့်မည်ဟု ယုံကြည်ပါသည်။ ဒီလောကမှာ ဖေဖေသက်ရှိထင်ရှား ရှိနေသေးတာ သူသာသိလျှင် အပြေးလှမ်းရောက် လာမှာ အသေအချာ။

ဖေဖေကတော့ ဆိုရှာသည်။

``ရောက်လာမှာပေါ့သမီးရယ်။ စိတ်ပူမနေပါနဲ့။ ဖေဖေလည်း စောင့်နိုင်ပါတယ်´´

ပြော့ပျောင်းနွမ်းလျလှသော ဖေဖေ့လေသံ တိုးယဲ့ယဲ့လေးကြောင့် ရတနာက သနားကြင်နာရသော်လည်း မေမေကတော့ မယုံကြည်ပါတဲ့။

``သမီးမေမေ ပြောတာဟုတ်သားပဲ။ သမီးမိန်းကလေးတစ်ယောက်တည်း နေရာစိမ်း။ ဒေသစိမ်းဆီ. .ဖေဖေလည်း မလွှတ်ရက်ပါဘူး´´
``ကားနဲ့ သွားရင် တစ်နေ့ခရီးပဲတဲ့ဖေဖေရဲ့´´
``ဖေဖေစုံစမ်းပြီးပါပြီ။ နေ့ကားက နံနက်(၈း၀၀)နာရီလောက်ရန်ကုန်က ထွက်ရင် ညဦးပိုင်းမှာ အောင်မြေကို ၀င်ရမှာ။ ဒါပေမယ့် လမ်းကဆိုးတော့ အကြောင်းတစ်ခုခုကြောင့် လမ်းမှာ ကြံ့ကြာနေရင် မြို့အ၀င် ညဥ့်နက်သွားရော။ ညကားကျပြန်တော့လည်း နံနက်(၄း၀၀)ရီလောက် အချန်မတော်ကြီးပဲ မြို့ကို ရောက်မှာပဲ။ မြို့မီးက မလာတာများတော့ တစ်မြို့ ပိန်းပိတ် မဲမှောင်နေတော့မှာ…´´

နောက်ဆုံးတော့ ကိုဇော်ရန်လေးကိုပဲ စိတ်ရှည်၊လက်ရှည် နားပူနားဆာပြုကာ။ တစ်ရစ်ပြီးတစ်ရစ် အကူအညီတောင်းရန် ဆုံးဖြတ်လိုက်လေသည်။







ဒီရက်ထဲမှာ အစ်ကို့ကို လိုင်းပေါ်မှာ မတွေ့ပါ။

အစ်ကို နေမကောင်းဘူးလား။ စကားတွေ တရစပ်ပြောကာ မနားတမ်း အကူအညီ တောင်းတတ်သော ရတနာ့ကို ရှောင်ဖယ်နေရင်း အင်တာနက်တောင် မသုံးရဲတော့ပြီလား မသိ။ ဒါပေမယ့် ရတနာကတော့ လက်မလျှော့ ဘူးနော်။ လိုင်းပေါ်မှာတွေ့တာနဲ့..
Meး ဟေး..အစ်ကို
Zawyanlay09း hello
Meး အစ်ကိုလူဇိုးပဲ
Zawyanlay09း အမ်….
Meး ဘာလို့ လိုင်းပေါ်မှာ အကြာကြီးပျောက်နေတာလဲ။ညီမကို ရှောင်နေတာပေါ့ ဟုတ်လား။
ဟေး ပြောဦးလေ
Zawyanlay09း ဟီး ဇော်ရန်လေး ဟုတ်ဘူး
Meး မနောက်နဲ့
Zawyanlay09း တဂယ်ပြောတာ။ သူ့အကောင့်တောင်းယူပြီး သူ့စာမျက်နှာမှာဝင်ဖွ၊ ၀င်မွှေ လုပ်နေတာ ဟား…ဟား
Meး ဒါဆို ဘယ်သူလဲ…ပြော
Zawyanlay09း ပြောပြဘူး
Meး အစ်ကိုနဲ့တိုင်မှာနော်။
ငါလို အစ်ကို့မိတ်ဆွေကို မင်းကနာမည်မပြောနိုင်ဘူးလား
Zawyanlay09း သော်မော်
Meး ဘာ….နောက်ပြန်ပြီ`
Zawyanlay09း နောက်ရဲပါဘူးခင်ည
Meး တကယ်…မင်းနာမည်….
Zawyanlay09း သော်မော်……………ပါဆို
Meး မောင်လေး။ မမကို မင်းဖုန်းနံပါတ် တဆိတ်လောက်ပြောစမ်းပါ။
မမ..ခုပဲ မင်းဆီ ဖုန်း ခေါ်လိုက်မယ်သိလား။
Zawyanlay09း ခင်ဗျာ
Meး အရမ်းအရေးကြီးလို့ပါ။ မမနာမည် ရတနာ
ရတနာသက်ဝေ

**********

နိဂုံး


Zawyanlay09း Hi
Meး လေးလေး..သားပါ
Zawyanlay09း ဟား…သော်မော်၊ မင်းက..
Meး ဟား..ဟား..သားက မမဆိုဒ်ထဲ ၀င်မွှေနေတာ။ မမလည်းအနားမှာ

“မမပြောမလား”..ဟုပြုံးစစဖြင့် လှည့်မေးလာတာကြောင့် ခေါင်းခါပြလိုက်သည်။

Meး လေးလေး..။ မမကို ပြောချင်တာရှိရင် သားကိုပြောလိုက်လေ။ သားပြန်ပြောပေးမယ်
Zawyanlay09း မရှိဘူး

သော်မော်က ဒီဘက်မှာ တဟားဟားရယ်မဆုံးအောင် ရှိနေတာ သူရိပ်မိမည် မထင်။

Meး ဖေဖေရယ်၊မမရယ်၊ သားရယ် ခုလိုနေခွင့်ရတာ သားပျော်လိုက်တာ ။
လေးလေးကို အရမ်းကျေးဇူးတင်ပါတယ်
Zawyanlay09း မလိုဘူးကွာ
Meး မမကလည်း ကျေးဇူးတင်နေတယ်

တုန့်ပြန်မှု မပြုတော့ပြန်။

Meး လေးလေးအကြောင်းတွေ သား…မမကိုပြောပြလိုက်တယ်
Zawyanlay09း ဟေ့ကောင်။ မင်းလျှောက် အာချောင်မနေနဲ့နော်
Meး မမကမေးလို့ပါ

သူမ လန့်သွားရကာ…

“ရှင့်ကို ဘယ်တုန်းကမေးလို့လဲ”

သော်မော်က အစ်မလုပ်သူကို မျက်လုံးတစ်ဖက် မှိတ်ပြနေသေးသည်။

Meး ဓါတ်ပုံလည်းပြလိုက်တယ် ။ လေးလေးကချောတယ်လို့ မမကပြောနေတယ်

“သော်မော်နော်။ မင်း... ဘယ်လိုဖြစ်နေလဲ”

ရတနာ့၏ ချစ်စနိုးဟန်ကြောင့် သော်မော်က မဖြုံပါ။

Meး သားပြန်လာရင် မမဓါတ်ပုံ တောင်းလာခဲ့မယ် သိလား

သူမ မျက်စောင်း တစ်ဝင့်ဖြင့် ကျောခိုင်းမည်ပြုစဉ်…

“လေလေးတစ်ယောက် ရှက်ပြီး လိုင်းပေါ်က ဆင်းချသွားပြီ…ဟား…ဟား…”



နှစ်သစ်မှာ....... အောင်မြင် ပျော်ရွှင်ကြပါစေ။
သတိုး

Monday, November 22, 2010

ပုဝါ လက်တစ်ကမ်း

တွေ့လိုသေးသည်ဟု သူအမှာစေ၍သာ မာ..ရောက်လာခဲ့ရသည်။ မာ့ သဘောအတိုင်းသာ ဆို လျှင် တော့ ကိုယ်စိတ်ပင်ပမ်း ညစ်နွမ်းစရာ သည်လိုတွေ့ဆုံခွင့်မျိုး ဘယ်သောအခါမှ မကျြုံဆုံလိုတော့ပြီ။

စကတည်းက မှားယွင်းနေခဲ့သော ပုစ္ဆာတစ်ပုဒ်ကို ကိုယ့်ရပ်တည်ချက်၊ ကိုယ့်အမြင်အတွေးတို့ဖြင့် အဖြေရှာထုတ်ကာ ကိုယ့်ရလဒ်အဖြေသာ အမှန်ဟု ငြင်းခုန်နေကြရန် နှစ်ဦးနှစ်ဘက်စလုံးအတွက် မသင့်တော်ပါတော့။ မာတို့ ရပ်တန့်သင့်ကြပြီ။

``အတူတူ ပြန်နေကြရအောင်´´

သူက သည်စကားကိုပဲ ဆိုလာဦးမှာပင်။

``ဒါဆို…ကျွန်မတို့နဲ့ ပြန်လာနေလေ ၊ အရင်ကလိုပဲ….´´

သူ့အတွက် ခါးသီးမည်မှန်းသိသော်လည်း မာကတော့ သည်စကားကိုပဲ ဇွတ်ပြောရပေဦးမည်။

ပြီး…အပြန်အလှန် အပ်ကြောင်းထပ်ဆိုစကားတွေနှင့် မီးခိုးမဆုံး မိုးမဆုံး သဘောထားကွဲလွဲ ငြင်းခုန် အော်ဟစ်ကြရဦးတော့မည်။

``အေးလေ…မင်းက အစကတည်းက ကိုယ့်ကိုချစ်လို့လက်ထပ်ခဲ့တာမဟုတ်တော့လဲ…´´

သူ…သည်စကားတစ်ခွန်းဖြင့် အနိုင်ပိုင်းလာခဲ့လျှင်တော့ မာ…မခံရပ်နိုင်စွာ ဆွေ့ဆွေ့ခုန် နာကျင်ရပေလိမ့်ဦးမည်။

**********

``မောင်မျိုးမင်းလိုလူမျိုးကတော့ ဒီခေတ်ထဲသူတစ်ယောက်ထဲ ရှိမယ်ထင်ရတယ်။ အတော်ကို ရှားသွားပြီပြောရမယ်´´

``ရှာမှ ရှားရင်လည်း ပြတိုက်ပို့လိုက်ပေါ့ အမေရယ်….´´

…ဟု မာ…စိတ်စကားဖြင့် ခွန်းတုန့်ပြန်နေမိသည်။ သူ…မာတို့ အိမ်ခေါင်းရင်းခန်းသို့ စပြောင်းလာသည့်နေ့ကစလို့ နေ့စဉ်ကြားနေရသည့် အမေ့ချီးမွမ်းခန်းတွေကို မာ နားကြားပြင်းကပ်လှပြီ။

``ခမျာ ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘမဲ့ ဖြစ်ခဲ့ရတာတောင် လေလွင့်ပျက်စီးမသွားခဲ့ဘူး။ မိဘလုပ်ငန်းကို အခြေမပျက်၊ တိုးတက်အောင် ထိန်သိမ်းနိုင်ခဲ့တယ်´´
``ဒါဆို…တော်တော်ချမ်းသာနေရောပေါ့။ အိမ်ပိုင်တောင်မရှိလို့ မာတို့ဆီမှာ အိမ်ငှားနေတဲ့သူကလေ´´
``ဟဲ့မာ....။ညည်းဘာမှမသိပဲရမ်းပြောမနေနဲ့ ။ သူ့မှာ ညည်းအိမ်ထက် အပုံကြီးသာတဲ့ ကိုယ်ပိုင်အိမ်ရှိတယ်။ ညည်းအိမ်ငှားခထက် အဆ များစွာပိုရလို့ အိမ်ငှားပြန်တင်ထားတာ။ သူက တစ်ကိုယ်တည်းသမားမို့သာ ညည်းအိမ်စုတ်ကလေးမှာ ဖြစ်သလို လာနေတာ…´´
``အထင်မကြီးပါဘူး´´
``မိမာနော်…၊ငါခင်းထားတဲ့ စကားအကုန်လုံးကို ညည်းဆန့်ကျင်ဘက်တိုက်ပြီး လာပြောနေတာ မဟုတ်လား။ မရဘူး၊ ငါ ၇ှင်းရှင်းပဲ ပြောမယ်။ ညည်းနဲ့မောင်မျိုးမင်းကို ငါ နေရာချထားပေးဖို့ စီစဉ် မယ်၊ ဒါပဲ´´
`` ဟာ…အမေ၊ မာ့ကိုလည်း မမေးမမြန်းနဲ့ ။ မဖြစ်ဘူးနော်။ မာ လက်မခံဘူးနော်´´
``လက်မခံလို့ မရဘူးမိမာ။ ညည်းလည်းစဉ်းစားတတ်တဲ့သူပဲ။ဒီလို လူကောင်းသူကောင်းမျိုးကို။ ပြီးတော့ ညည်းကိုလည်း မြတ်နိုးရှာတယ်´´
``မာမှ သူ့ကိုမချစ်ပဲ´´
``မိမာ…၊ဒီလိုလူမျိုးကိုမှ မစဉ်းစားရင် ညည်းက ဘယ်လိုလူမျိုးကို စဉ်းစာနေလို့တုန်း။ ညည်းနော်.. ညည်း ဘယ်အချိုး ချိုးနေတယ်ဆိုတာ ငါမသိဘူးများမှတ်နေလား´´
``………………..´´
``ငါကတော့ ငါ့အစီအစဉ်အတိုင်း ဆက်လုပ်ရမှာပဲ…။အေး..ညည်း..ငါ့ကိုဆန့်ကျင်ထင်ရာစိုင်းသွားလို့ကတော့ ငါ့အကြောင်းသိသွားစေရမယ်´´

သူနှင့် စတင်ပတ်သက်ရတော့မည်ဆိုကတည်းက မာ မျက်ရည်ကိုရင်းနှီးခဲ့ရတာဖြစ်သည်။

**********

``အဲဒီလူ မာ့အပေါ် ရိုးမှရိုးရဲ့လား´´

မာ..၀င့်ခနဲ မျက်စောင်းချီလျက်…

``ငါ့အမေက ငါ့ကို သူနဲ့ စီစဉ်ပေးချင်လို့တဲ့´´
``ဘာ…သူကနင့်ကိုကြိုက်နေတာပေါ့၊ဟုတ်လား…´
``……………..´´
``နင်…နင်ကရော…´´
``မေးစရာလားဟဲ့၊ နင်တစ်ယောက်လုံး ရှိနေတဲ့ဥစ္စာ´´
``ဟူး…တော်ပါသေးရဲ့မာရယ်။ နင် နောက်မှ စိတ်လည် မသွားရဘူးနော်´´

မာ…ပင့်သက်ရှိုက်ဖြစ်ရကာ…

``ငါ့ စိတ်က ဘယ်တော့မှမပြောင်းဘူး အောင်။စိတ်ချ။ငါ…နင့်ကိုပဲချစ်တာ…..´´

လက်ခနဲ လင်းဖြာတော့မတတ် အောင့်ုမျက်နှာသည် ``ဒါပေမယ့်´´ ဟူသော မာ့စကားနောက်ဆက်တွဲကြောင့် အုံ့ပြမှိုင်းရီသွားရပြန်သည်။

``…..အမေက ပြောမရဘူးအောင်၊ ဇွတ်ကြီး စီစဉ်တော့မယ့်ပုံပဲ။ အဲဒီလိုဆိုရင် ငါ အမေ့ကို လွန်ဆန်ဖို့ မလွယ်ဘူး´´
``ဟာ..နင်ကလည်း….´´
``နင်ကလည်း မလုပ်နဲ့လေ၊ ငါ့မှာ နာတာရှည် လူမမာသည် အဖေရှိတယ်။ လူလားမမြောက်သေးတဲ့ မောင်၊ညီမတွေ ရှိသေးတယ်။ အမေကလည်း ငါ့ကိုပဲ တပြန်အားကိုးနေသေးတာ …။အဲဒါတွေအားလုံးကို ငါက မျက်ကွယ်ပြုနေလို့ရမလား´´

အောင်..ရှူးရှူးရှားရှား ဖြစ်နေသော်လည်း အသံထွက်မလာနိုင်။

ခုနေမှာ ``ငါ့ကိုပဲ အားကိုးလိုက်ပါ မာရယ်´´ ဟု သူပြောလာခဲ့လျှင် ဘယ်လောက်ကြည်နူးစရာ ကောင်းလိုက်မလဲ ဟု မာစိတ်ကူးယဉ်ချင်နေသေးသည်။ဒါပေမယ့် ဒီစကားကို နင် မဆိုနိုင်သေးတာ လည်းမာ နားလည်ပါတယ် အောင်ရယ်။

``ကျွတ်…ငါက ခတ်ညံ့ညံ့ကောင်ပဲမာရယ်။ခုချိန်ထိ နင်အားကိုးအားထားပြုနိုင်လောက်တဲ့ အခြေအနေမျိုး ငါ့မှာ ဘာတစ်ခုမှမရှိဘူးနော်..´´

မာ…ခေါင်းမညိတ်ရက်ပါ။ နှစ်သိမ့်ဖေးမ စကားပြောရန်တော့ ကိုယ်တိုင် ခွန်အား ပျေက်ဆုံးနေသလိုရှိသည်။

``ယောက်ျားတစ်ယောက်ကို မချစ်ပဲ အားကိုးရရုံ သက်သက်အတွက်တော့ငါ လက်မထပ်ချင်ပါဘူး အောင်ရယ်´´
***********


မာကျောင်းပြီးတဲ့နှစ်မှာပင် မာတို့အဖေ ရုတ်တရက် လေဖြတ်ကာ အိပ်ယာထဲ လဲခဲ့လေသည်။

အဖေ အခုလောက် ထူနိုင်၊ထနိုင်ရုံ အခြေအနေသို့ ရောက်ရှိလာရန်ပင် မာတို့သားအမိတတွေ မနည်းပြုစုကုသ ခဲ့ရပါသည်။
ဒါတောင် မာက အိမ်စဉ်လှည့်ကာ study guideပေးရင်း တစ်ဖက်တစ်လမ်းက ၀င်ငွေအကူအပံ့လေး ပေးနေနိုင်သေးလို့ တော်တော့သည်။

ဒါပေမယ့် အငယ်တွေ ကျောင်းစရိတ်၊ မိသားစု စရိတ်၊ အဖေ့ဆေးဖိုးဝါးခ....အားလုံးသောအထွေထွေ အသုံးစရိတ်တို့နှင့် ဘယ်လိုကာမိနိုင်ပါ့မလဲ။အိမ်ထောင်တစ်သက် အမေခြိုးချန် သိမ်းထုတ်စုဆောင်းခဲ့သမျှ ရွှေတိုမယ်စလေးတွေတတိတိ ပြုတ်ပြုတ်ပြုန်းလေသည်။

“အမေတို့ ဒီအိမ်လေးကို အခန်းကန့်ပြီး အိမ်ငှားတင်ရအောင်”

သည်စဉ်တုန်းက မာလည်း အလိုတူအလိုပါ ဖြစ်ခဲ့သော်လည်း ကိုယ့်အိမ်ငှားက တစ်ကိုယ်တည်းသမား၊ လူလွတ်တစ်ယောက်ဖြစ်နေသောအခါ အတော် ကသိကအောင့် အနေခက်လေသည်။

ဒါပေမယ့် မာတို့အမေက သူ့ကိုဆို ဖေါ်ဖေါ်ရွေရွေ၊ အရေးပေးလွန်းသည်။ အမေ့စကားဖြင့် အောင့်ကိုမကြည်လင်ကြသော မောင်၊ညီမတွေကလည်း သူမှသူ။

သားသမီးများနှင့် ဇနီးသည်ကိုပင် ဇဝေဇ၀ါဆက်ဆံတတ်သော အဖေက သူ့အသံကြားလျှင် စကားရွှင်ပြ ရျိနေတတ်ပြန်သည်။
တကယ်တော့ မိသားစုဘ၀ကို တောင့်တငတ်မွတ်နေသော သူက မိသားစုဝင်တစ်ယောက်လို နေသားတကျ အကျွမ်းတ၀င် နေတတ်လှသည်ကိုး။

အောင်တို့မှာ အဖေမရှိတော့။ အမေကလည်း ရိုးအေးသော သာမန်အိမ်ရှင်မဘ၀ဖြင့်သာ တစ်သက်လုံး အသားကျလာခဲ့သူ ဖြစ်သည်။ သားအကြီးဆုံးဖြစ်သော အောင့်အပေါ်မှာ အစ်ကိုကြီးအဖရာဆိုသော မိသားစုတာဝန်တွေ ပုံနေ၇တော့သည်။

“.....နင်......ငါ့ကိုနားလည်ရဲ့လား”
“နားလည်ပါတယ်အောင်ရယ်.........။ငါ့......ငါ့ကိုလည်း....ငါ့ကိုလည်း............”

အောင်ကိုလည်းသနားအားနာစရာ ကောင်းလှတော့သည်။

************

မာတို့၏ အိမ်ထောင်ဦးကာလ အစနေ့ရက်များကတော့ သာယာစိုပြည်ခဲ့သည်ထင်ပါ၏။

ခင်ပွန်း သည်၏ ချစ်နိုးယုယမှုများ၊ အဖေ၊အမေ၊မောင်ညီမများ၏ ရွှင်ပြကြည်လင်မှုတို့ဖြင့် အရင်ကထက် ဝေစည်မြိုင်ဆိုင်လာခဲ့သော မိသားစုဘ၀မှာ မာ.....ကျေနပ်နေပျော်ရလေသည်။

ရုန်းကန်ရဆဲ အောင့်ပုံရိပ်နွမ်းတို့ မာ့ စိတ်အစဉ်မှာ လျှင်မြန်စွာ ဖျော့မှိန်ပျောက်ကွယ်ခဲ့ရတာ အပြစ်ဟုဆိုလာလျှင်လည်း မာ ရဲဝံ့စွာ ၀န်ခံရဲခဲ့ပြီ။

မာ့ဘ၀မှာ မာ့အား အရိပ်ကြည့်ဖေးမ စောက်ရှောက်ဖော်ရသော မာ့ဘ၀ စိတ်ချလုံခြုံစွာ ခိုလှုံခွင့်ရသည့် ခင်ပွန်းသည်၏ ရင်ခွင်သည်သာ မာပိုင်ဆိုင်သောကမ္ဘာ...။ အဲသည် ကမ္ဘာငယ်ထဲမှာ မာ့ကိုချစ်မြတ်အားကိုးစွာမှီတွယ်နေကြသော မာ့မိသားစုလည်း ပါဝင်ခွင့်ရနေသေးတာကြောင့် ပိုမိုမက်မောဖက်တွယ်မိတော့တာဖြစ်သည်။

“မာ အလုပ်မလုပ်နဲ့တော့ကွာ၊ ကိုယ်လည်း ပြည်စုံအောင် ရှာဖွေနေနိုင်တာပဲကို”

မာ ပြုံးရုံမျှသာပြုကာ လက်မခံနိုင်ခဲ့ပါ။ မာတို့အိမ်ရဲ့ စားအိုးက မာနှင့်သာ တိုက်ရိုက်ပတ်သက်နေတာလေ။

သူတစ်ယောက်တည်းအပေါ် သည်တာဝန်တွေပုံပေးကာ မာ ငြိမ့်ငြိမ့်ကလေး မနေနိုင်ရက်ပါ။ ပြီး တစ်ဖက်စောင်းနင်းကာလ ရှည်ကြာလာခဲ့လျှင် အပြစ်မြင်ငြိုငြင်စရာ ဖြစ်လာမှာကိုလည်း မာကြိုတွေးစိတ်ပူထားနှင့်ပါသည်။

ဒါပေမယ့် မာ့ပူပန်မှုတွေ မှန်ကန်လာခဲလျှင်တော့ တုန်လှုပ်ရသူမှာ မာပဲဖြစ်ပြန်သည်။

***********

အဓိက ကတော့ မာ့ မောင်၊ညီမငယ်လေးများ အတွေးအသိ မလိမ္မာကြသေးတာဟု မာကဆိုလျှင် မာ့ကို အမေကစလို့ စကားနာ ထိုးနှက်ကြပေလိမ့်မည်။

ဆယ်တန်း တဖုန်းဖုန်းကျကာ ပညာရေးကို လစ်လျှူရှုလိုက်ရသော မာ့မောင်လေးက တာဝန်မဲ့နေတတ်လွန်းလှသူဖြစ်သည်။ စားချိန်လွန်လေမှ အိမ်ပြန်စားသည်။ ညဥ့်နက်သန်းခေါင်တိုင်လေမှ အိမ်တံခါးလာခေါက်သည်။ တခါတရံ အိမ်အပြန်မှာ အနံ့လေးတသင်းသင်း ရှိတတ်ပြန်သေးသည်။

ကိုမျိုးမင်းက သူ့အလုပ်မှာ တစ်ဖက်တစ်လမ်းမှ ၀င်ကူစေချင်သည်။ မထီမဲ့မြင်၊ အရေးမျှမလုပ်။ မာ တစ်ခွန်းတစ်စ ၀င်ပါရုံမျှဖြင့် အမေနှင့်ရင်ဆိုင်ရတော့သည်။

ကျန် မောင်၊ညီမများ၏ ရေသာခို၊ပေါ့တန်သော အပြုအမူ၊ အနေအထိုင်၊စိတ်နေစရိုက်များကိုလည်း ဘ၀နာ၊ အောက်သက်ကျေသော မာတို့နှစ်ဦးစလုံးက အမြင်မတော်ကြပါ။ စိမ်းသူက မပြောမိအောင် သတိထားနေရသည်။ မာကတော့ မရပေ။ သူပြောလာခဲ့လျှင်လည်း မာကိုယ်တိုင်ခံစားနိုင်မည်မဟုတ်တာမို့ ကိုယ်ကအလျှင် ဦးအောင် ကြိုပြောထား၊ ဆုံးမထားနှင့်တာလည်းပါသည်။

ရှေ့တွင်တော့ `ဟူတ်ကဲ့´´ကြပါရဲ့။ ခေါင်းကလေးတွေ တညိတ်ညိတ်။ တကယ်တန်းမှာ ဟူတ်ကဲ့ အရေအတွက် များလာတာသာ အဖတ်တင်သည်။ကျင့်ကြံနေထိုင်ပုံတွေက နည်းနည်းကလေးတောင် မူမပျက်ခဲ့တော့ မာ့ဘက်က တစ်ရစ်တိုးရပြီ။

``ဒီအိမ်မှာ ငါသာမရှိရင် နင်တိုတတွေ မလွယ်ဘူး´´

ဒါဟာ မာ့တစ်သက်လုံး လက်သုံးစကားပဲဖြစ်ပါသည်။ ဒါပေမယ့် အခြေအနေက စိမ်းသူဖက်တွေးတောရမည့်`မို့ အနက်ကောက်လွဲမှားစရာ ဖြစ်ခဲ့ရတော့သည်။ထိုစကား အမေ့နားသို့ရောက်သောအခါ မာက ကိုယ့်ဂုဏ်ကိုယ်ဖေါ် မသူတော်သောဘ၀သို့ ရောက်၇တော့သည်။ မာ.....စကားကျွန် နုတ်ရခက်ခဲ့ပြီ။

သူတို့ဘက်မှာ အမေရှိနေတာ သေချာသွားခဲ့တော့ သင်းတို့လေးတွေက မာတို့လင်မယားအပေါ် အရိုသေတန်လာခဲ့ကြပြီ။
မာတို့မိသားစုကြားမှ စကားအသွားအလာကို ကိုမျိုးမင်း မရိပ်မိ၊ မသိရှိစေဖို့ မာ့မှာ ဖုံးဖိ၊အုပ်ဆိုင်းနေရပြန်တော့သည်။ ဒါပေမယ့် လူကြီးဖြစ်သော အမေက စကားစတစ်ခုရလျှင် မပြီးစီးနိုင်တော့စွာ တဖြစ်တောက်တောက် မဆုံးတမ်းရှိတတ်ပြန်ရာ ပါးနပ်သော ကိုမျိုးမင်းလည်း အလွယ်တကူ သိနားလည်ရတော့သည်ပင်။

သည်အတွေ့အကြုံမျိုးတွေ ကြိမ်ဖန်များစွာ ကြုံလာရသောအခါ ထားခဲ့ပြီးသောစေတနာကမ်းပါးတို့က တတိတိတိုက်စားခံ ပြိုပျက်လုခဲ့ပြီ။

မာတို့မိသားစုမှာ အဖေနှင့် သမီးသာရှိမနေခဲ့လျှင် ကိုမျိုးမင်းသည် သည့်ထက်စောစီးစွာ မာတို့ဘ၀မှ ဝေးလွင့်စွန့်ခွာ သွားနိုင်ကောင်းလေသည်။

အဖေ့ အသုဘ မြေကျ ရက်လည်အပြီးမှာပင် ကိုမျိုးမင်းအိမ်မှဆင်းလေသည်။

****************


မာနှင့်ကိုမျှိုးမင်းတို့ ချစ်သူရီးစားတွေလို ပြန်ချိန်းတွေ့နေရတာ မာ့စိတ်လိပ်ပြာမလုံလှသလို အမေကလည်း မကြည်ဖြူနိုင်ခဲ့ပေ။

``ညည်းအကောင်က ဘာပြောလိုက်သေးလဲ´´

အငေါ်တူးသလိုဆိုနေပေမယ့် အမေတကယ်ကိုသိလိုဆန္ဒပြင်းပြနေတာ သိသာပါသည်။

``ထုံးစံအတိုင်း ဒီစကားပဲပေါ့ အမေရယ်။ အတူပြန်နေဖို့´´
``ညည်းမပြတ်နိုင်ရင်လိုက်သွားပေါ့။ တို့တတွေကိုငဲ့မနေနဲ့´´

မြေးကိုတင်းတင်းဖက်ရင်း ဆိုလာသော အမေ့စကားက မာနချည်းသက်သက်ကြောင့်မဟုတ်တာ မာ နားလည်နေပါသည်။

မာ စိတ်ဆင်းနေရတဲ့အဖြစ်မျိုးကို အမေလိုချင်မှာမဟုတ်ပါ။သူ့မြေး ဥမမည်၊စာမမြောက်ကိုလည်း မိစုံဘစုံ ကြီးပျင်းစေချင်မည်ပင်။ ဒါပေမယ့် မာသာအနားမှာမရှိလျှင် အမေစိတ်လုံခြုံ နိုင်မည်မထင်။

သားငယ်၊သမီးငယ်များ အသိနည်းပါးကြလေတာ အမေမသိလို့မဟုတ်ပါ။ ဒါပေမယ့် သူတပါး ပြစ်တင်ငြိုငြင်လာတာကိုတော့ ခံစားမရနိုင်ပြန်။ မိခင်မျက်စေ့ အကြည့်မျိုးနှင့်ထပ်တူ ကျ အောင် ဘယ်သူက ကြည့်မြင်နားလည်ပေးနိုင်မှာမို့လဲ။
ကိုမျိုးမင်းသည်လည်း မာနှင့်ပတ်သက်သော အိမ်ထောင်ဦးစီးအရာဖြင့် ဆိုဆုံးမခွင့်ရှိတာ အမေနားလည်ပါသည်။ သူဝင်ပြောလို့ အငယ်တွေက နာခံကြလျှင်တော့ တမျိုးပေါ့။ သူတို့တေါက ဘက်ပြန်၊ခံပက်လိုကြသောအခါ ပဋိပက္ခကြားမှာ တဟင်းဟင်း ဟန့်တားနေလျက်ကပင် သားသမီးတွေဘက် ဘက်ပင်းမိလျက်သားဖြစ်ရပြန်သည်။

အမေမမျှတဟု ကိုမျိုးမင်းက မကြည်လင်ပြန်သောအခါ အမှိခိုခံဘ၀မို့သည်လိုပြုမူရဲသည်ဟု အမေ့မာန ငယ်ထိပ်တက် ရပြန်တော့သည်။

မာ့မှာတော့ ခင်ပွန်းသည်နှင့် မိသားစုအကြား မရုန်းသာ မလွန့်သာ အနေခက်ရပြန်တော့ပြီ။

*************

``အိမ်ခွဲနေရအောင်´

သူပြောလာကတည်းက မာအကြိမ်ကြိမ် အားတင်းကြိုးစားကြည့်ပါသေးသည်။ မာ့ တစ်ကိုယ်စာပြည့်စုံ လုံခြုံရုံမျှဖြင့် မာ နေပျော်နိုင်ပါ့မလား။အိုမင်းမစွမ်းဘက်သို့ ယိုင်လာခဲ့သော အမေ့ကို မာ ငဲ့ညှာရပါမည်။မောင်၊ညီမငယ်များကလည်း အသိနည်းကြသေးသည်မို့ ပိုလို့စိတ်မချနိုင်။

``မာ့ကိုထားခဲ့တော့......´´

မျက်စေ့စုံမှိတ်ကာ ဇွတ်ပြောချလိုက်တော့သည်။
***********

``ကိုယ့် ကိုယ် ကိုယ်လည်းဂရုစိုက်ဦး မာ၊မင်းမိသားစုအတွက်ရော........သမီးအတွက်ရော ..မင်းကျန်မာနေမှ ဖြစ်မှာ.....´´
``မာ...နေကောင်းပါတယ်´´
``အဆင်ပြေကြရဲ့လား´´

ခေါင်းသာ ညိတ်ပြလိုက်သည်။

``အခက်အခဲရှိရင် ကိုယ့်ကိုအရင်ပြောပါ မာ၊ ကိုယ့်ကိုမာနမထားပါနဲ့´´
``.......................´´
``အင့်.........ဒီမှာ......´´
``အို.........ဟင့်အင်း´´
``ဒီငွေကိုတော့ ယူသွားလိုက်ပါ မိမာရယ်။ ကိုယ် မင်းရဲ့ ခင်ပွန်းတစ်ယောက်အဖြစ် ဒီနေ့အထိ ရှိနေဆဲပါပဲ။ မင်းထမ်းပိုးထားသမျှ တာဝန် အားလုံးဟာလည်း ကိုယ့်တာဝန်တွေ ပါပဲ။ ဒါပေမယ့် အတူပြန်နေကြဖို့ဆိုတာ တော့.......´´
``မာ နားလည်ပါတယ်´´
´´ကိုယ့်ကို ခွင့်လွှတ်ပါ´´

ရွေ့ရွေ့ငြင်ငြင် ခေါင်းညိတ်ပြဖြစ်သည်။

``ဒီတစ်ခေါက်လာရင် သမီးကို ခေါ်ခဲ့ပါဦး´´

ဆက်တိုက် ခေါင်းညိတ်ရတာတွေများလာတော့ ခေါင်းငုံ့ နိမ့်ကျနေရသလိုပဲ။

တကယ်တော့ မာ သမီးကို ခေါ်မလာချင်တော့ပါ။တဖြည်းဖြည်း မိဘအရိပ်အကဲကို နားလည်သိတတ်စ ပြုပြီဖြစ်သော သမီးရှေ့မှာ သူနှင့်မာ စကားချေတင် မဆိုချင်။အို.....မာကိုယ်တိုင်လည်း သူနှင့်ခုလို ဆုံဖြစ်နေရသော အခြေအနေဟာ လူမြင်မသင့်သော ရှက်စရာတစ်ခုလို ထင်နေခဲ့တာကြာပြီ။

``မာတို့ ကွာရှင်းကြရအောင်.......´´

ဒီစကားကို မာကစတင်ပြောနိုင်ဖို့ တော့ အချိန်ကာလ အတော်ကြာ အားမွေးရဦးမည်ဖြစ်သလို ပြောဖြစ်ဖို့ကိုလည်း ခုတိုင်မသေချာလှသေးပါပေ။ ။

သတိုး