မေမီ…ခင်ဗျား တဆိတ်တော့ လွန်လွန်းပြီ။
ကျိတ်မနိုင်ခဲမရ စိတ်အတွေးထဲက စကားကို မေမီ ကြားနိုင်အောင် နှုတ်ကတော့ ထုတ်ဖော်မပြောရဲ ။ ဒါပေမယ့် ရင်ထဲမှာတော့ ဘလောင်ဆူနေပါသည်။
ဝဋ်ကြွေးပါပဲ။ ကျွန်တော့်နှလုံးသားက မေမီ့ဆီမှာ ၀ဋ်ကြွေးတွေ ပေးဆပ်ရဖို့ အကြောင်းများစွာ ရှိခဲ့မည် ထင်ရဲ့။ မေမီ့အနားမှာ တစ်ရစ်ဝဲ၀ဲ၊ ကပ်မခွာနေခွင့်ရတဲ့ ဘ၀ကလေးကို မက်မောလွန်းလို့ ထားရာနေ၊ စေရာသွား…၊ မေမီလက်ညှိုးညွှန်သမျှမှာ နာခံရန် အသင့်အနေအထား ခေါင်းညိတ်ရုပ်ကလေးနှင့် မခြားလှတော့။
ဒါပေမယ့် ကျွန်တော် ကျေနပ်နေပျော်ခဲ့တာပါပဲ။ ပန်းသွေးရောင် မေမီ့နှုတ်ခမ်းဖျားမှ ခြွေချပေးလာမယ့် လန်းစွင့်လှပတဲ့ အပြုံးတစ်ပွင့်ကို စောင့်လင့်မော်ဖူးခွင့်မှာ ရူးမိုက်စွာ အသားကျနေခဲ့ပြီ။
တကယ်ဆို မေမီလည်း ကျွန်တော့်အပေါ်မှာ သည့်ထက်ပို၍ မနိုင်စားသင့်တော့ဘူး မဟုတ်လား။ ခုတော့…
ခင်ဗျား တဆိတ်တော့ ရက်စက်လွန်းလှပါတယ် မေမီရယ်။
* * * *
ကျွန်တော်နှင့် မေမီကြားသို့ မင်းမွန် ၀င်ရောက်လာပုံက လျှင်မြန်လွန်းလှသည်မို့ ကျွန်တော့်ဘက်က တားဆီးချိန်ပင် မရလိုက်ပါ။
‘အထွန်း ။ ဒါ မင်းမွန်တဲ့။ မှတ်ထားဦး”
လူမှုရေးအရ ပြုံးတစ်ဝက်နှင့် ခေါင်းညိတ်ပြမည်ပြင်ဆဲ…
“မင်းမွန်ကတော့ နင့်ကို သိပြီးသားပါ။ ဟုတ်တယ်မဟုတ်လား မင်းမွန်”
မေမီ့စကားကို သူက ရယ်မောလိုက်လေသည်။
“ခင်ဗျားက ကျွန်တော့်ကို သိနှင့်နေတယ် ဟုတ်လား။ ဘယ်တုန်းက…”
“အာ.. ခုပဲ မေမီက ခင်ဗျားအကြောင်းကြိုပြောထားလို့ သိနေနှင့်တာကို ပြောတာပါဗျာ”
သူ့မျက်ဝန်းတွေထဲမှာ လျှို့ဝှက်ချက်တချို့ ရှိနေနှင့်တာကို ခံစားသိဖြင့် ရိပ်မိနားလည်နေသည်။ ကျွန်တော်… မေမီ့အတွက် ပူပန်စ ပြုသည်။ မေမီ၏ စကားတချို့ကလည်း ကျွန်တော်၏ သောကတို့ကို မီးလောင်ရာ လေပင့်ပေးနေသည် မဟုတ်လား။
“မင်းမွန်နဲ့က ဟိုး… ငယ်ငယ်၊ ကလေးဘ၀ကတည်းက ခြံချင်းကပ်နေလာခဲ့ကြဖူးတာလေ။ ငါးတန်း၊ခြောက်တန်းလောက်ထိ ကျောင်းသွားဖော်၊ ဆော့ကစားဖက်တွေပေါ့။ မေမီတို့က အထွန်းတို့ရပ်ကွက်ထဲကို ပြောင်းလာလိုက်တော့ အိမ်ချင်းက ဝေးသွားတာ…။ မေမီက အထက်တန်းအရောက်မှာ ကျောင်းပါ ပြောင်းလိုက်ရတော့ လူချင်းပါ ဝေးသွားရော…”
ဝေးလက်စနှင့် ဝေးနေမြဲပဲ ရှိပါစေတော့လား။ ခုတော့…
******
“အထွန်း ဒီနေ့နောက်ကျတယ်။ မင်းမွန်ကဖြင့် ရောက်နေတာ ကြာလှပြီ”
ကျွန်တော့်မျက်နှာ ကွက်ခနဲပျက်သွားမှာ သေချာပါသည်။ မေမီကတော့ ကျွန်တော့်ဘက်ကို ဘယ်တော့မှ ထည့်တွက် ငဲ့ကွက်ရကောင်းမှန်း မသိတတ်ခဲ့သော ကောင်မလေးမို့ ထားပါတော့။ မင်းမွန်က ဘာကြောင့် ကျွန်တော့ရဲ့ ၀မ်းနည်းမူပျက်မှုတွေကို တစိမ့်စိမ့်ပြုံးငဲ့ကာ အရသာခံတတ်နေပါသလဲ။ ထိုနေ့တစ်နေ့လုံး စိတ်တွေတိုကာ အရာရာတိုင်းအပေါ် အမြင်မကြည်လင်တော့ပေ။ မေမီအပေါ်ကိုတော့ အနည်းငယ်ကလေးမျှပင် မတင်းမာရဲသော ကျွန်တော်သည် မင်းမွန်အား အကြောင်းမဲ့ ရန်လိုနေမိတော့သည်။ ထိုအခါတွေကျတော့လည်း ဒီကောင်က ကျွန်တော်အား အစ်ကိုကြီးတစ်ယောက်လို အလျှော့ပေး၊ အလိုလိုက်တတ်ပြန်သည်။
“အထွန်းအသက်က မေမီ့ထက်တောင် ငယ်သေးတယ်ဆို”
“အဲဒါ ဘာဖြစ်လဲ”
“ဒါဆို ကိုယ့်ထက်လည်း ငယ်တာပေါ့။ ကိုယ်က မေမီ့ထက်တောင် လပိုင်းလောက် ကြီးသေးတာ။ ခု နှစ်ဆယ့်တစ် ကျော်ပြီ”
“အဲဒါတွေ ပြောဖို့ ဘယ်သူက မင်းကို ရိုက်နှက်စစ်ဆေးနေလို့လဲ”
“ ပြောပြချင်လို့ပေါ့ကွ။ မင်း.. ငါ့ကို နည်းနည်းလောက် လေးစားသင့်တယ် မထင်ဘူးလား”
ကျွန်တော် အော်ရယ်ပေးလိုက်သည်။ ထိုအခါ မေမီကပါ…
“အထွန်းနော်။ မင်းမွန်ပြောတာ အမှန်တွေချည်းပဲ။ နင်.. အဲလို… ကြီးမှန်း၊ ငယ်မှန်းမသိတတ်တာ မင်းမွန်က သီးခံပေမယ့် အပြစ်က မနေဘူး”
မခိုးမခန့်နိုင်နေသော ကျွန်တော့်အပြုံးများကြောင့် မင်းမွန်က ဘာမှ မဖြစ်သော်လည်း မေမီကတော့….
“ဟဲ့..အထွန်း။ နင်.. ဘယ်လို ဖြစ်နေလည်း”
မေမီ့မျက်နှာတော် တင်းမာစပြုလာခဲ့လျှင်တော့ ကျွန်တော်လည်း ပြာယာခပ်စပြူတော့ပြီ။ ထိုအခါမျိုးတွေမှာတော့ မင်မွန်က ကျွန်တော့်အဖြစ်ကို သနားစာနာနေတတ်သူလို မသက်မသာ ငေးနေတတ်ပြန်တော့သည်။
“မင်းက ငါ့ကို ဘယ်လိုကြည့်နေတာလဲ”
“ဟာ.. ငါက ဘယ်လိုကြည့်နေလို့လည်း။ မင်းက အသားလွတ်ကြီး”
“ဟွန်း”
မေမီရှေ့မှာမို့ ထိုထက်ပို၍လည်း ရန်မလုပ်ရဲပေ။ နေနှင့်ဦး။ မေမီ့မျက်ကွယ်ရောက်မှ မင်းနဲ့ ငါ တွေ့ဦးမယ် မင်းမွန်။
*******
မေမီ့မျက်ကွယ်ရောက်လျှင်တော့ ကျွန်တော် သူ့ကို နိုင်စားလို့ရနေကျပဲဖြစ်သည်။ မင်းမွန်က ကျွန်တော့်ကိုတော့ စိတ်ရှည်သီးခံလေ့ရှိပါသည်။ ကျွန်တော့် အလိုဆန္ဒမှန်သမျှကို အလျှော့ပေး၊ အလိုလိုက်ကာ ဖြည့်ဆည်းပေးလေ့ရှိသူလည်း ဖြစ်သည်။
“အထွန်းရာ။ မင်းကကွာ”
“မင်း မကူညီရင် နေ.. ဟေ့ရောင်”
“အေးပါကွာ။ အေးပါ… ငါ ကူညီမယ်။ ကျေနပ်တော့ ဟုတ်လား”
အမှန်အတိုင်း ၀န်ခံရလျှင်တော့ ကျွန်တော့်အား အစဉ်လျှော့ပေးလေ့မြဲဖြစ်သော မင်းမွန်အား ကျွန်တော်လည်း ခင်မင်တွယ်တာရပါသည်။ သို့သော်…
“မင်း.. ငါ့ကို လာကပ်ပေါင်းနေတာ မေမီံကြောင့် မဟုတ်လား”
စိတ်ထဲရှိနေသည့်အတိုင်း ကျွန်တော်က တည့်ပဲ ဖွင့်မေးကာ ထိပ်တိုက်ရင်ဆိုင်ဖို့ ကြိုးစားမိတတ်ပြန်သည်။ မင်းမွန်ကတော့ ခပ်ထေ့ထေ့ အပြုံးရိပ်ရိပ်ဖြင့် တုန့်ပြန်မြဲသာ။
“ဟုတ်တယ်ဆိုရင်ရောကွာ…”
“မင်း.. မင်း.. ငါ့ရဲ့ ကမ္ဘာ့ရန်သူပဲ ဟေ့ရောင်”
ကျွန်တော် ပေါက်ကွဲသွေးပျက်လျှင်တော့ သူ ပြာယာခပ်ရပြန်သည်။
“ဟေ့ရောင်။ ငါက မင်းကိုနောက်တာ”
“မဟုတ်ဘူး။ မင်း.. နောက်တာမဟုတ်ဘူး။ တကယ်ပြောနေတာ ငါသိတယ် မင်းမွန်။ မင်း…မင်း..”
“အထွန်း..”
“ဟာ… ကဲကွာ”
ကျွန်တော် အတော်ညံ့ဖျင်းလှတာ ကိုယ်တိုင်သိလျှက် ၀မ်းနည်းနာကျင်ရပြန်သည်။ ဒီကောင့် မျက်ခွက်ကြီးကို ထိထိမိမိ လက်သီးတစ်ချက်လောက်တောင် မှန်အောင် မပစ်လွှတ်နိုင်ခဲ့။ ကြိုးစားမိသမျှ လေထဲမှာသာ အချီးနှီးဖြစ်ကုန်ရတော့သည်လေ။ ဒီကောင် ကျွန်တော့်အား လက်တုန့်ပြန်လိမ့်မည် ထင်သော်လည်း မဟုတ်ပေ။ သူကတပြန် ကျွန်တော့်အား ဖြောင်းဖျနှစ်သိမ့်နေပြန်သေးတာမို့…
“အပိုတွေ လာလုပ်မနေနဲ့ ဟေ့ရောင်။ မင်းကို ငါမယုံဘူး”
*******
“နင်လည်း ၀ဋ်ပါပဲ အထွန်းရယ်။ မင်းမွန်လည်း ၀ဋ်ပဲ”
မေမီကတော့ တစ်ခါတစ်ရံ စိတ်ပျက်သလို ညည်းတတ်လေ့ရှိသည်။
“ငါကတော့ ထားပါတော့။ နင်နဲ့ ပတ်သက်သမျှ ၀ဋ်ကြွေးဆိုရင်လည်း ငါက ကျေကျေနပ်နပ်ကြီး ခံယူမှာပဲ။ ဒါနဲ့ နေပါဦး။ မင်းမွန်က ဘာဝဋ်ကြွေးတွေ ရှိနေလို့လဲ”
မေမီက မျက်စောင်းလှလှတစ်ချက် ပစ်လွှတ်လာလျှက်…
“နင်သိချင်ရင် သူ့ကို မေးပါလား”
ကျွန်တော် မေးလည်းပဲ ဒီကောင်က ဖြေချင်မှ ဖြေမည့်ကောင်ပဲ။ သူ အမှန်အတိုင်း ဖြေလာလျှင်လည်း ကျွန်တော်က ရင်ဆိုင်ခံစားနိုင်ပါ့မလား။
“မေးမနေတော့ပါဘူးဟာ။ နင်သာ ပြောပါ။ ငါ.. နင့်ကို စောင့်နေရတာ ဘယ်လောက်ကြာပြီလဲ။ နင်… ငါ့ကို အဖြေပေးတော့”
မေမီက သက်ပြင်းဖွဖွချလေလျှင် ကျွန်တော်လည်း ကြိုတင်ရင်မော သွားရပါသည်။
“ငါက နင့်ကို ဘယ်တုန်းကများ မျှော်လင့်ချက်ပေးခဲ့ဖူးသလဲ အထွန်းရယ်။ မဖြစ်နိုင်ဘူးလို့ နင်နားလည်အောင် ငါ.. အကြိမ်ကြိမ် ပြောခဲ့ဖူးသားပဲ မဟုတ်လား”
ကျွန်တော် ခေါင်းငိုက်စိုက်ကျရပြန်ပြီ။ မေမီဟာ စာနာစိတ်မရှိတဲ့ ကောင်မလေးပဲ။ အင်းလေ…ကျွန်တော်ကိုက ရူးခဲ့တာပဲ ဖြစ်မှာ။
“နင်က.. နင်က မင်းမွန်ကိုပဲ ရွေးချယ်တော့မှာပေါ့နော်”
မေမီသည် ဘယ်လောက်ရက်စက်တတ်သော ကောင်မလေးပါလဲ။ ဖြေပုံက…
“အဲဒါ ငါ့ကိစ္စပါ။ နင်နဲ့ မဆိုင်ပါဘူး”
ကျွန်တော်ကတော့ ဒေါသ အားလုံးကို မင်းမွန်အပေါ်တွင်သာ ပုံချပြစ်ဖို့ ကြိုးစားမိတော့သည်။
**********
ကျွန်တော်ကတော့ ၀မ်းနည်းနာကျင်နေသည်။ ပေါက်ကွဲဟစ်အော်နေမိသည်။ မင်းမွန်ကတော့ သွေးအေးစွာ။ သူက အနိုင်ရခဲ့သူပေကိုး။ ဒါပေမယ့် သူ့မျက်နှာပေါ်မှာတော့ ၀င့်ဝါ မော်ကြွားမှုတို့ ရှိမနေကြတာ ရိပ်မိနားလည်လျှက် ဇဝေဇ၀ါ ဖြစ်ရပြန်သည်။
“မင်း… ဟန်ဆောင်ကောင်းတဲ့ကောင်။ သစ္စာမရှိတဲ့ကောင်ပဲ”
“မင်း ဘာတွေ လာပြောနေတာလဲ”
“မင်း မသိယောင် ဆောင်နေတာ။ မင်း… မေမီ့ကို ငါချစ်နေတာ သိလျှက်နဲ့..”
ကျွန်တော့် မျက်ဝန်းမှာ မျက်ရည်တို့ကို မြင်တော့ သူ တုန်လှုပ်သွားလေသည်။
“အထွန်း…”
“မင်း… ငါ့နာမည်ကို လာမခေါ်နဲ့။ မင်းကို ငါ မုန်းတယ်။ တူးခါးနေအောင် မုန်းတယ် ဟေ့ရောင်”
အံ့သြစရာကောင်းလှစွာ မင်းမွန်တစ်ယောက် ကျွန်တော့် ရှေ့သို့ လွှားခနဲ ရောက်လာခဲ့လေသည်။ ကျွန်တော် အံ့သြမင်တက်မိကာ မရှောင်တိမ်းနိုင်ခဲ့။ ဖျတ်ခနဲ အသိဝင်သော အခါ သေးကွေးသော ကျွန်တော့်ခန္ဒာ တစ်ကိုယ်လုံးသည် မင်းမွန်၏ ရင်ခွင်ထဲမှာ နစ်မြုတ်နေခဲ့ပြီ။
“ဟေ့ရောင်။ မင်း..လွှတ်။ ငါ့ကို အခု…”
ကျွန်တော်စကားတွေ မဆုံးလိုက်ရ။ မင်းမွန်၏ နှုတ်ခမ်းနွေးနွေးတွေက ကျွန်တော့်နှုတ်ခမ်းအစုံကို ခပ်ဖွဖွ ဖိပိတ်လိုက်ကာ…
“မင်းကို ဘယ်သူပြောလဲ။ ငါ.. မေမီ့ကို ချစ်နေတယ်လို့ မင်းကို ဘယ်သူပြောလဲ။ ငါ တကယ်တမ်းချစ်နေမိတဲ့သူဟာ မေမီ မဟုတ်ဘူး။ ဘယ်သူလဲဆိုတာ မေမီသိတယ်။ မင်းမသိပေမယ့် မေမီတောင်သိတယ် အထွန်းရဲ့”
မျက်ဝန်းထဲမှ မျက်ရည်တွေ စိမ့်အိုင်ကျလာခဲ့သည်။ သူကလက်ညှိုးကွေးကလေးနှင့် တယုတယ သုတ်ဖယ်ပေးနေပြန်တာ မရုန်းဖယ်မိပြန်။ နှုတ်ခမ်းရဲရဲတွေကလည်း ရန်တွေ့စကား တစ်ခွန်းဆိုဖို့တောင် မစွမ်းနိုင်တော့လောက်အောင် အာစေးမိနေကြလေရဲ့။ ကျွန်တော် ရုန်းလို့လည်း မရဘူး။ ရုန်းလည်း မရုန်းချင်တော့ပါဘူး။ မင်းမွန်.. မင်း လူဆိုးပဲ ဟေ့ရောင်ရယ်။
အားပေးသွားပါတယ်ဗျာ။
ReplyDeleteအတွေးလေး တိုးသွားပါတယ်ဗျာ။
သတိုးရာ... တော်တော်ဆိုးပါလား။ ဟား ဟား။
ReplyDeleteအဆုံးရောက်မှ မင်းမွန်ဆိုတဲ့ကောင် ဘာကောင်မှန်း သိသွားတယ်။
ကိုယ်တွေ့တွေ ထင်တယ်နော့။း))
ခင်မင်လျှက်
ကိုသတိုး ရေ
ReplyDeleteအားပေးသွားတယ်နော်
ခင်တဲ့
ရွှေစင်ဦး
သိပ်မရှင်းဘူး။ အထွန်းက ယောက်ျားလျာလား။ မင်းမွန်က လိင်တူချင်း နှစ်သက်သူလား။
ReplyDelete3rd Person နာမည်က မင်းမွန် လို့ပေးထားထဲက နည်းနည်းထူးခြားတယ်လို ထင်နေတာ.... ။ အဆုံးကျမှ သဘောပေါက်တော့တယ်...။ အဖြစ်နိုင်ဘူးလို့ မေမီငြင်းတာကက မေမွန်အတွက်လား..? အထွန်း.. ဘယ်သူ့ကို ရွေးချယ်မလဲ..?
ReplyDeleteစာဖတ်သူကိုပဲ အဖြေထုတ်ခိုင်းလိုက်တဲ့ အဆုံးသတ်အလှည့်လေးနဲ့ ၀တ္တုကောင်းလေးတစ်ပုဒ်...။
*သေးကွေးသော ကျွန်တော့်ခန္ဒာ တစ်ကိုယ်လုံးသည် မင်းမွန်၏ ရင်ခွင်ထဲမှာ
ReplyDelete*မျက်ဝန်းထဲမှ မျက်ရည်တွေ စိမ့်အိုင်ကျလာခဲ့သည်။
*နှုတ်ခမ်းရဲရဲတွေကလည်း ရန်တွေ့စကား တစ်ခွန်းဆိုဖို့တောင် မစွမ်းနိုင်တော့လောက်အောင်
ဟိ...ဟိ .. မှန်အောင်ပြောပေတော့ဗျို့..။
ကျွန်တော့်ပို့စ်တွေကို အချိန်ကုန်ခံ လာဖတ်ပေးကြတဲ့ သူငယ်ချင်းအားလုံးကို ကျေးဇူးတင်၊ ခင်မင်စွာ အမှတ်ရနေပါ့မယ်။
သတိုး
အထွန်းက ယောက်ျားလျာ မလား...
ReplyDeleteဟုတ်တယ်မလားဟင်...? :D
အစ်ကို့story တွေကို အမြဲ စောင့်ပြီး အားပေးနေပါတယ် အစ်ကိုရေ...
မင်းမွန်က အထွန်းကို ယောကျာ်းချင်း စိတ်ဝင်စားနေခဲ့တာပေါ့....အဲလိုလား။ အီးးးးအသည်းတွေ ကလိကလိဖြစ်ထှာ...။
ReplyDeleteဟင်း ဟင်း ကိုသတိုး သိသွားပြီ..။
ReplyDeleteရှုပ်သွာားတာပဲ ၂ခေါက်လောက်ဖတ်လိုက်ရတယ်..။
နံမည်တွေကြောင့် ထောက်နေသလိုပဲနော်..။
မမွန်ထင်တာ မှန်မှာပါ။ နံမည်တွေကိစ္စလည်း ပြန်စဉ်းစားပြီး ပြင်ရတော့မယ် ထင်တယ်။ ကျွန်တော်က တည့်ကြီး ပြလိုက်ရင်လည်း အရသာပျက်မှာစိုးလို့...း)
ReplyDeleteသတိုး..
ReplyDeleteရှင်းရှင်းလုပ်နော်။ အထင်တွေ မှားအောင် မလုပ်နဲ့။ လုံးလိုက်ပြားလိုက်နဲ့ မျက်စိလည်နေတယ်။ အခုမှ နဲနဲ မျက်စိအလည်ပြေသလိုလို။း))
ခင်မင်လျှက်
ဟီး... တုံးဖလား သူကြီးတောင် မျက်စေ့လည်သွားတယ်တဲ့။ ငါကွ..။ ထိပ်တုံးတော့ ကြောက်တယ်နော် သူကြီး။
ReplyDelete