သူမအား ချောင်းမြောင်းစောင့်ဆိုင်းကာ
အလစ်အငိုက်ဖမ်းချင်သူတွေ များလွန်းလှချည့် ဟု အံ့သြတကြီး ရှိရသည်။ အချိန်နည်းနည်း
ပိုကြာလာလေ သူမအား အလိုရှိနေသူတွေ ပိုလို့ များလာလေလေမို့ တဖြည်းဖြည်း
စိတ်ပျက်စပြုပြီ။
ဒီနေ့၊
ဒီအချိန်မှာ သူမ.. ဒီနေရာသို့ ရောက်ရှိလာမည်ဆိုတာ သူတို့ ဘယ်လို သိနေကြပါလိမ့်။
သူမကိုယ်တိုင်က အားလုံးကို အသိပေး၊ ချိန်းဆိုထားတာ ဖြစ်ဖို့များပါသည်။
အတော်တတ်နိုင်သော အမျိုးသမီးပဲ ဟု ငြိုငြင်ချင်တော့၏။ သူမနှင့် ပတ်သက်ခဲ့မိတာအတွက်
နောင်တရချင်သော်လည်း ထိုနောင်တက အလွန်နှောင်းလွန် နောက်ကျနေပြီကို ခါးသီးစွာ သိလိုက်ပြီ။
လက်ရှိကို
လက်မဲ့ လုပ်ပစ်ရကောင်းလားဟု မေမေကလည်း ကျွန်မကိုသာ တဖျစ်တောက်တောက်
မြည်တွန်နေတော့ပြီ။ ကိုယ်တိုင် စပ်ဆော့ခဲ့မိတာအတွက် ဘယ်သူ့ကိုမှ အပြစ်မတင်သာသော
ကျွန်မ၏ အခြေအနေမှာ တကယ့်ကို ထွေးမရ၊ အံမရ။
မေမေ့စကားအရတော့
ကျွန်မဟာ လက်ထဲမှာ ငွေရှိလျှင် အထိန်းအသိမ်းမတတ်၊ အငြိမ်မနေတတ်သော မိန်းခလေးတဲ့။
ကျွန်မကလည်း ကျွန်မပဲ။ လက်ထဲသို့ ဆုတ်ဆုတ်ခဲခဲ ရောက်လာခဲ့သည့် ငွေယားကလေးကို
လက်ထဲမှာ နွေးအောင်ပင် မြဲမြဲဆုတ်မထားချင်ခဲ့။ ရွှေကြိုးမျှင်မျှင်ကလေး လည်မှာဆွဲကာ
မော့မော့ကလေး ဂိုက်ပေးကြမ်းရမလား စိတ်ကူးယဉ်သည်။ ဒါပေမယ့် ငွေပမာဏက နည်းနေသေးတော့
မေမေ့ဆီ အရင် အပ်ထားရမည်။ တစ်နှစ်လောက် မေမေ့ကို သုံးခိုင်းထားကာ အချိန်တန်တော့မှ
ပြန်ထုတ်ယူပြီး လိုသောငွေကို မေမေ့အား စိုက်ခိုင်းရမည်။ ဒါမှမဟုတ်
လက်ကိုင်ဖုန်းကလေး တစ်လုံးလောက် ကိုင်လိုက်ရမလားဟုလည်း တွေးသည်။ ထိုအချိန်မှာ
ကျွန်မထံ သူမ .. အချိန်ကိုက် ရောက်လာခဲ့တော့တာ။
တကယ်တော့
ကျွန်မလည်း လောဘသားပဲ။ ရုံးမှ ရလာသော စုငွေကလေးကို တစ်သက်မှာ တစ်ခါတစ်လေ
လက်ဝယ်ပိုင်ပိုင်၊ ဆုတ်ဆုတ်ခဲခဲ ကိုင်ရဖူးပေမဲ့ နည်းလိုက်တာဟု အားမလို၊ အားမရ
စိတ်အဆာမပြေနိုင်ပဲ ရှိဆဲ။ ထိုငွေကလေးကို အရင်းပြုလို့ တစ်လအတွင်း ပွားများလာမည့်
အတိုးငွေ ပမာဏကို သူမက မက်မောဖွယ် တွက်ချက်ပြခဲ့သည်။ တစစ အရင်းအနှီးတွေ
တိုးပွားများပြားလာပြီး တစ်နှစ်ပြည့်လျှင် အဆများစွာ ပွားများကာ ဖွေးခနဲ
အလုံးအရင်း ရနိုင်မှာ ဟုလည်း ပိုင်နိုင်သေချာစွာ ဆိုလေသည်။ သူမ၏ ဆွယ်တရားမှာ
ကျွန်မ အငိုက်မိသွားခဲ့သည်ကို ၀န်ခံပါ၏။ မျက်ဝန်းထဲမှာ ငွေသားတွေ ဖွေးခနဲ၊ လက်ခနဲ။
သူမ၏
ကိုယ်ပေါ်မှ ၀ါဝင်းပြိုးပြက်နေသော အဆင်တန်ဆာတွေကိုလည်း ခိုးငေးဖို့ ကျွန်မ
မမေ့ခဲ့ပါ။ ကျွန်မတို့လို လှေကြီးထိုးသမားတွေအတွက်သာ ငွေတွင်းက နက်လွန်းလှတာ။
သူတို့တတွေကျတော့လည်း သူတကာချွေးနဲ့ရင်းနှီးထားသမျှအပေါ် အသာလင့်
အညွန့်ခူးယူနေရုံနှင့် ငွေက နေ့စဉ် သဲ့ယူသလိုကို ၀င်လာမစဲ၊ တသဲသဲပါပဲလား။ သနပ်ခါး
ခြေဆုံး၊ခေါင်းဆုံးလိမ်းလို့၊ မျက်ခုံးမွေးသေးသေးတင်၊ နှုတ်ခမ်းနီထွေး
တွတ်တွတ်ရဲအောင်ဆိုးလျှက် တရုတ်ဆိုင်ကယ်ကလေးနှင့် ကြော့ကြော့မော့မော့ လမ်းတကာလည်ကာ
စာရင်းစာအုပ်ကလေးကို ဟန်တစ်ခွဲသား ဖွင့်လို့ ခပ်မိန့်မိန့် ကြွေးလည်တောင်းတတ်သော
သူမ၏ ဘ၀ကို ခဏ အငှားယူကြည့်ချင်မိသည်။
သို့ပေမယ့်
ကျွန်မက အလိုလောဘသာ သူမထက် မလျော့ချင်ပဲရှိမည်။ သူမလို သတ္တိမျိုးတော့
ဒီတစ်သက်မွေးယူလို့တောင် ရပါမည်လားမသိ။
“နင်ပေးသုံးချင်ရင် အဲဒီမိန်းမတွေကို
နင့်ဆီ လွှတ်ပေးမယ်။ ငွေချေးချင်တယ် ဆိုလို့ကတော့ ငွေယူသုံးချင်တဲ့ မိန်းမတွေကို
တစ်ရပ်ကွက်လုံး ပြည့်လို့ပဲ”
အရပ်ထဲက
ကျွမ်းဝင်ရင်းနှီးပြီးသား နာမည်တွေ တန်းစီရွတ်ပြလာတော့ ကျွန်မ သွေးကြောင်ချင်ပြီ။
အကြွေးယူရာမှာ တကယ့် နယ်မရှောင်၊ လက်မရွံ့တွေ အဖြစ် ကျော်ဇောသတင်း ထင်ရှားလှသူတွေလေ။
ကြွေးထူမပူ၊ သန်းထူမယား ဆိုတာ သူတို့၏ လက်သုံးစကားပေါ့။ ခေါက်ပြန်ပေး၊ လတိုး၊
နေ့ပြန်တိုး… ဘာအကြွေးမှ သူတို့ မကြောက်။ ရှေ့အကြွေး မကျေခင် နောက်အကြွေးထပ်ပိုးကာ
ဖွတ်သည်ထက်ညစ်၊ နစ်သည်ထက်နစ်လာနေသော ဘ၀တွေကို ကျွန်မ နဖူးတွေ့၊ ဒူးတွေ့
ရင်ဆိုင်မရဲပါ။ မျက်ရည်မြင်လျှင် သနားမိမည်မှာ အသေအချာ။ ခပ်စွာစွာ ပြန်လှန်
ရန်တွေ့လွှတ်လျှင် ရှက်လို့သေမည်။ အဆိုးဆုံးကတော့ ကိုယ်က ရစရာ ရှိနေတာ မှန်ဦးတော့။
သူတပါးလက်ထဲကငွေကို သူတို့ မကြည်ဖြူ၊ အလိုမတူပဲ ကိုယ့်ထံရောက်အောင် ကျွန်မ
အသနားခံပြီး တောင်းမယူတတ်။ ခြိမ်းခြောက်တောင်းယူဖို့တော့ ဝေးရော..။ ကတုံးပေါ်
ထိပ်ကွက်နေကျ သူမက ကျွန်မအား ကရုဏာမျက်ဝန်းနှင့် လှောင်သလို ပြုံးလေတော့ ကျွန်မ
စိတ်တိုချင်မိခဲ့သေးသည်။
“အဲဒီလို သူတော်စင်စိတ်မျိုးနဲ့
ဘယ်လို အလုပ်လုပ်စားမလဲ”
အံ့သြတကြီး
လက်ဖျားခါပြနေပြန်တာ။
“ဒါဆို ဒီလိုလုပ်။ ငါ့ကိုပဲ
ပေးလိုက်တော့။ ငါကပဲ တဆင့်ပြန်ပေး ပေးမယ်”
သိပ်တော့
မဆိုးလှဟု ထင်သည်။ အကျိုးအမြတ်က သူမနှင့် တစ်ယောက်တစ်ဝက်စီသာ ရတော့မှာ ဖြစ်ပေမယ့်
တစ်ယောက်ချင်းစီနှင့် ဆက်ဆံရသလို ဆန်စင်ရာ ကျည်ပွေ့လိုက်ဖို့ မလိုတော့။ ပေးရန်၊
ရရန် ကိစ္စအားလုံး သူမ တစ်ယောက်တည်းနဲ့သာ ရှင်းရုံ။ ပြီး .. ကျွန်မ၏ ငွေကို
ယူသုံးမည့် သူမက ကျွန်မထက် အပုံကြီး ထည်ဝါတောက်ပြောင်သူ။ ယုံကြည်ချင်စရာ
ကောင်းလှသူ မဟုတ်လား။
စဦး
တစ်လ၊ နှစ်လမှာပင် ကျွန်မ ကျေနပ်ဝမ်းမြောက်စ ပြုပြီ။ ခြောက်လ၊ တစ်နှစ်
ရှိလာလျှင်တော့ ကျွန်မတို့ နှစ်ယောက် စီးပွားဖက်တွေပမာ သွေးစည်းသွားတော့ပြီ။
တဖြည်းဖြည်း
ကျွန်မအပေါ်မှာ သူမ၏ သြဇာအာဏာ ပိုမို သက်ရောက်လာခဲ့တော့တာ။ ကျွန်မက
ကိုယ့်လောဘနှင့်ကိုယ် နစ်ပျော်ကာ မောဟတိမ်သလ္လာ ဖုံးနေခဲ့တာမို့ မသိတတ်ခဲ့တာ
ဖြစ်သည်။
“ဟဲ့… ဒီလတော့ ငါ့ကို
ဆိုင်းထားပေးဦး။ ဟို တစ်ဘက်မှာ လက်လွန်ထားတာ များသွားလို့”
ကျွန်မ
အပြုံး မပျက်ခဲ့ပါ။ သူမသည် ကျွန်မကို နစ်နာအောင် ပြုမည့်သူမဟုတ်တာ အကြွင်းမဲ့
ယုံကြည်နေခဲ့မိသေးသည်။
သို့သော်
သူမသည် ယုံကြည်၍ မရနိုင်တော့လောက်အောင်ပင် ဖြစ်လာတော့တာ တစစ
နားလည်စပြုလာချိန်မှာတော့ ကျွန်မ အံ့သြလျှက် ဆောက်တည်ရာ မဲ့ခဲ့ရတော့တာ။ ကြည့်…
သူမက ကျွန်မထံ အကျိုးအကြောင်းပင် မပြန်တော့။ မျက်နှာပြဖော်ပင် မရတော့။ ဒီလိုတော့
မဖြစ်ဘူးနော်။ ကျွန်မ မသုံးရက်၊ မစားရက်ခဲ့သော ငွေကလေး…။ သူမ ဒီလိုတော့
အလွဲသုံးစား မလုပ်သင့်ဘူး မဟုတ်လား။ ကျွန်မ၏ ချွေးနည်းစာလေးအတွက် သူမကို တွေ့ရမှ
ဖြစ်တော့မည်။
ဒါပေမယ့်
သူမနှင့်တွေ့ရလျှင်ရော… ကျွန်မ ဘာစကားတွေ ဆိုရမှာလဲ။ ပြီး သူမရင်ဆိုင်နေရတာက
ကျွန်မ တစ်ယောက်တည်းနဲ့သာ မဟုတ်ဘူးလေ။ ကျွန်မထက် အပုံကြီး စူးစွာထက်မြသော
သူတွေကြားမှာ ကျွန်မ၏ အလှည့်ရော ရောက်လာနိုင်ပါဦးမလား။ မသေချာပါ။ သူမ၏
မြီရှင်တွေအနက် တချို့မှာ ကျွန်မ တစ်ခါဖူးမျှ မမြင်တွေ့ဖူးသူတွေ။ တချို့ကိုတော့ မျက်မှန်းတန်းမိနေပါသည်။
အားလုံး၏ တူညီသော လေယူလေသိမ်းကတော့ သူမ၏ လှည့်စားမှုကို အကြိမ်ကြိမ်
ယုံမှတ်မှားမိခဲ့ခြင်းအတွက် နောင်တနှင့် ဒေါသတို့ ဆတူရောနှောကာ
ပူပန်ပင်ပမ်းနေကြသည် ဆိုတာပင်။
“အစပိုင်းကတော့ ပုံမှန်
ငွေသွင်းပေးနေတာ ဆိုတော့ ယုံခဲ့မိတာပေါ့”
“အတူတူပါပဲ။ နောက်ပိုင်း
ဗွေဖောက်လာပြီး တစ်လစောင့်ပေးပါဦး၊ နှစ်လ ဆက်စောင့်ပါဦး ဆိုတော့တောင်
ယုံခဲ့မိသေးတာလေ”
ကျွန်မ
အပါအ၀င် ငါးစာသာမြင်ပြီး ငါးမျှာချိတ်ကို သတိမမူမိသူတွေအားလုံးက သူမ၏ ကိုယ်ပေါ်မှ
ရွှေတိုမယ်စတွေ တတိတိ လျှော့ပါးလာခဲ့တာကို မသိ။ နောက်ဆုံး ရွှေအစစ်ရယ်လို့ မူးရင်တောင်
ရှူစရာ မရှိပြီမို့ ရွှေရည်စိမ်တွေကို လူရိုသေ၊ ရှင်ရိုသေ ဆွဲဆင်ထားခဲ့တာကိုလည်း
မရိပ်မိ။
“နင်တို့လည်း စားတုန်းက စားခဲ့ရတာပဲ
မဟုတ်လား။ အခု ငါ့မှာ ပေးစရာမှ မရှိတော့တာ...။ တိုင်ချင်ရာသာ တိုင်ကြပေတော့”
သူ့အလှည့်တုန်းကတော့
အနုအကြမ်း နည်းမျိုးစုံသုံးကာ သူတကာဆီက လက်တွင်းတဆုံး နှိုက်ယူခဲ့ဖူးသည့် သူမက
ရွတ်ရွတ်ချွံချွံ စစ်မျက်နှာဖွင့်လေရာ အလန့်တကြား ဖြစ်ကြရတော့တာပင်။
“တိုင်မှာ မပူနဲ့။ ငါ့
ပိုက်ဆံပြန်မရလို့ကတော့ ဘာဖြစ်သွားမလဲဆိုတာ စောင့်ကြည့်လိုက်”
ပွက်လောရိုက်ဟိန်းညံနေသော
သွေးကြွဆူပွက်သံတွေ ကြားမှာ သွေးကြောင်ဆဲ ကျွန်မကတော့ ဘယ်ဆီ
တိုင်တန်းတောင်းယူရမည်လဲ တကယ်ကို မသိ။ ပြီး ကျွန်မတို့၏ စည်းမဲ့ကမ်းမဲ့
ငွေပေးငွေယူကိစ္စဟာ ရုံးပြင်ကန္နား တိုင်တန်းတောင်းယူလို့ရော တရားဝင်ပါ့မလား။
ကျွန်မကသာ လမ်းရိုးဟောင်းအတိုင်း ရိုးရှင်းစွာတွေးတောလျှက် မ၀ံ့မရဲ ဖြစ်နေခဲ့တာ။
တချို့ကတော့ အံ့သြဖွယ်ရာ ကျွမ်းကျင်၊ ကျွမ်းဝင်မှုတို့ဖြင့် ရေအဆုံး၊ ကုန်းတစ်ဝက်မက
ပြန်လည် အဖတ်ဆည်နိုင်ခဲ့ပြီဟု သဲ့သဲ့ကြားသည်။
“နေတဲ့အိမ်ကို ရောင်းမယ်လို့
အသံလွှင့်နေတာပဲ။ ဒီနေ့ စာချုပ် ချုပ်ကြမယ်တဲ့။ ရစရာ ရှိတဲ့သူတွေ အားလုံးကို
ခွဲဝေစိတ်ပိုင်းပေးမယ် ပြောတယ် ”
…တဲ့။
မျှော်လင့်တကြီး စုဝေးရောက်ရှိလာကြသူတွေက မနည်းလှ။ သူမကိုတော့ အရိပ်အယောင်ပင်
မမြင်ရသေး။
“ဒီအိမ်မှာ မနေတော့တာ ကြာပြီလေ။
တစ်မိသားစုလုံး ဘယ်မှာ သွားနေလဲတော့ မသိဘူး။ အားလုံးနဲ့ မတွေ့အောင်
ရှောင်နေမှာပေါ့”
အိမ်ကို
ဝယ်မည့်သူက စာချုပ်ကလေး တကိုင်ကိုင်နှင့် မျှော်သည်။ သူလည်း ရရန်အချို့နှင့်
ခုနှိမ်ကာ ငွေချေမည့်သူပဲ ဖြစ်သည်။ ကျွန်မတို့ အားလုံးလည်း သူမ လှမ်းလာမည်ထင်ရသော
လမ်းမဘက်ဆီ လည်တဆန့်ဆန့်။
သို့ပေမယ့်
ထိုနေ့က ကျွန်မတို့ အားလုံး စောင့်ရကျိုး မနပ်ခဲ့ကြပါ။ သူမ ရောက်မလာခဲ့သောကြောင့်
ဖြစ်ပါသည်။ ကျွန်မတို့၏ မြင်ကွင်းရှေ့သို့ သူမ ဘယ်အချိန်မှာ
ရောက်ရှိလာမည်ဆိုတာလည်း မည်သူမှ မခန့်မှန်းတတ်ကြပေ။
သူမအား
သတိရလေတိုင်း စိတ်မှန်းဖြင့် လှမ်းကာ ကျိန်ဆဲရုံကလွဲ၍ ကျွန်မတို့အားလုံး ဘာမှ
မတတ်နိုင်ခဲ့ကြပါ။ ။
သတိုး

